ရန်ကုန်-၂၀၂၂ အောက်တိုဘာ ၁၈ (မော်ကွန်း)
မြန်မာနိုင်ငံရဲ့အင်တာနက်လွတ်လပ်ခွင့်ဟာ စစ်တပ်အာဏာသိမ်းပြီးနှစ်နှစ်အတွင်း ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar) က ဒီနေ့ထုတ်ပြန်လိုက်တဲ့ ၂၀၂၂ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အင်တာနက်လွတ်လပ်မှုအခြေအနေကို ကဏ္ဍသုံးခုပေါင်း အမှတ် ၁၀၀ ပေးထားပြီး မြန်မာနိုင်ငံဟာ ၂၀၂၁ မှာ ၁၇ မှတ်နဲ့ ၂၀၂၂ မှာ ၁၂ မှတ်သာရတယ်လို့ အစီရင်ခံစာမှာဆိုထားပါတယ်။
အဲဒီအစီရင်ခံစာအရ အင်တာနက်လက်လှမ်းမီသုံးစွဲနိုင်မှုကဏ္ဍမှာ စစ်တပ်ဟာ နိုင်ငံအနှံ့အင်တာနက်ဖြတ်တောက်မှုတွေလုပ်တာ၊ မိုဘိုင်းဒေတာ အခွန်အခတွေတိုးမြှင့်ကောက်ခံတာတွေကြောင့် ၂၅ မှတ်မှာ ၂ မှတ်သာရရှိခဲ့ပါတယ်။
အကြောင်းအရာကန့်သတ်မှုကဏ္ဍမှာ အွန်လိုင်းပေါ်က တော်လှန်ရေးအတွက်စည်းရုံးမှုတွေနဲ့ တက်ကြွလှုပ်ရှားမှုတွေကို ပြင်းထန်စွာဖိနှိပ်မှုတွေကြောင့် ရမှတ် ၃၅ မှတ်မှာ ၆ မှတ်သာရပြီး သုံးစွဲသူအခွင့်အရေးချိုးဖောက်မှုကဏ္ဍမှာတော့ ရမှတ် ၄၀မှာ အွန်လိုင်းပေါ်မှာတက်ကြွလှုပ်ရှားတဲ့ပြည်သူတွေကို ဖမ်းဆီးထောင်ချတာ၊ စစ်တပ်လက်အောက်ခံ တရားရုံးတွေက သေဒဏ်အပါအဝင် အမြင့်ဆုံးစီရင်ချက်တွေချမှတ်တာနဲ့ VPN အပါအဝင် အင်တာနက်အသုံးပြုမှုကို ပြစ်ဒဏ်တွေပိုမိုချမှတ်တာတွေကြောင့် ၄ မှတ်သာရရှိတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကလည်း အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၃၃ ခုကို အင်တာနက်ဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အင်တာနက်ဖြတ်တောက်ခံရတာကြောင့် အလုပ်လုပ်ရတာ အခက်အခဲတွေရှိလာတယ်လို့ ဗန်းမောက်မြို့ခံတစ်ဦးကပြောပါတယ်။
“တိုက်ပွဲတွေဖြစ်လို့ အင်တာနက်တွေပိတ်ထားတာကြာပြီ။ အလုပ်အတွက် လိုတဲ့ပစ္စည်းတွေကို ပုံတွေပြပြီးမှာရမှာ အခုကအင်တာနက်မရတော့ မှာလို့မရဘူးလေ” လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲအဖြစ်များတဲ့ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ် စတဲ့တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်အချို့ကို အင်တာနက်ဖြတ်တောက်တာ၊ ဖုန်းလိုင်းဖြတ်တောက်တာတွေ လုပ်ဆောင်နေပြီး ထိုးစစ်ဆင်မှုတွေ၊ အကြမ်းဖက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
FEM ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ ဆက်တိုက်ကျဆင်းလာနေပြီး ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ တရုတ်နိုင်ငံနည်းတူ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံ ဖြစ်လာနေတယ်လို့ ဆိုထားပါတယ်။ FEM ရဲ့ ၂၀၂၂ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့်အစီရင်ခံစာဟာ ဒါဇင်နဲ့ချီတဲ့အညွှန်းကိန်းတွေကို အသုံးပြုပြီး ကမ္ဘာ့နိုင်ငံတွေကို နှိုင်းယှဉ်လေ့လာထားတယ်လို့ ဆိုပါတယ်။
#Dailynews

