ရန်ကုန်-၂၀၂၅ စက်တင်ဘာ ၃ (မော်ကွန်း)
ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရှစ်ဦးသေပြီး အများအပြားဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီစစ်ကြောင်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း(P-29903)၊ အမှတ် (၃၅၀၂) တပ်ရင်းနဲ့ KNLA တပ်ရင်း(၈)တို့ မနေ့တုန်းက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်စစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာသွားသလို လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။
ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ အထူးတိုင်းစစ်ဌာနတစ်ခု ထပ်ဖွဲ့ပြီး ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းတွေမှာ စစ်ရေးဖော်ဆောင်မယ်လို့ ထုတ်ပြန်ထားပြီး သူတို့လှုပ်ရှားနယ်မြေတွေအတွင်း စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို လုံးဝခွင့်မပြုဘူးလို့ အထူးတိုင်းစစ်ဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။
ပုံစာ- သိမ်းဆည်းလက်နက်ခဲယမ်းတွေနဲ့အတူတွေ့ရတဲ့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေက တော်လှန်ရေးတပ်သားတချို့။
ဓါတ်ပုံ- အမှတ်(၂) စစ်ဆင်ရေး။

