ရန်ကုန် – ၂၀၂၂ မေ ၃၁ (မော်ကွန်း)
ရန်ကုန်မြို့ အနော်ရထာလမ်းမပေါ် ဘားလမ်းမှတ်တိုင်မှာ ဒီနေ့ ညနေ ၃နာရီ မိနစ် ၂၀ ကဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပါတယ်။
ဘတ်(စ်) ကားစောင့်နေသူ ပြည်သူခုနစ်ဦးထိပြီး ငါးဦးခန့် ဒဏ်ရာပြင်းထန်နိုင်တယ်လို့ မျက်မြင် တွေ့သူတစ်ဦးကပြောပါတယ်။
“ မှတ်တိုင်အောက်ထဲ တည့်တည့်မှာပေါက်တာ ။ ထိတာ ခုနစ်ဦးပေါ့။ အဲ့ထဲက ငါးဦးကတော့ သွေးတွေ နီရဲနေတာပဲ။ ကျွန်မတို့ကားရှေ့မှာတင်ပေါက်တာ။ ကိုယ်ရှေ့မှာမြင်ရတော့ စိတ်မကောင်းဘူးလို့” မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ် လူနာတင်ယာဉ်တွေနဲ့ ခေါ်ဆောင်သွားတယ်လို့ သူကဆက်လက်ပြောပြပါတယ်။
ဗုံးပေါက်ကွဲပြီး ငါးမိနစ်ခန့်အကြာမှာပဲ အနော်ရထာလမ်းမပေါ် ပန်းဆိုးတန်းမီးပွိုင့်ကနေ ဆူးလေမီးပွိုင့်အထိ လမ်းပိတ်ထားခဲ့ပြီး ကားရော ခြေလျင်လျှောက်သူတွေပါ ပေးမဖြတ်တော့ပါဘူး။
လက်ရှိမှာတော့ စစ်ကောင်စီမှ လုံခြုံရေးအင်အား အများအပြားနဲ့ နေရာယူထားပြီး မည်သည့်အဖွဲ့အစည်းက ဖောက်ခွဲမှုပြုလုပ်သွားကြောင်း မသိရသေးပေ။
ပုံစာ – ဗုံးပေါက်ကွဲပြီးနောက် အနော်ရထာလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်အား ပိတ်ဆို့ထားပုံ
Photo: Mawkun
#Dailynews

