လားရှိုး – ၂၀၂၄ ဇန်နဝါရီ ၁၂ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ MNDAA,AA,TNLA တို့ မနေ့ကစပြီး အပစ်အခတ်ရပ်စဲလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် လားရှိုးမြို့ခံတွေကတော့ မြို့ပေါ်မှာတိုက်ပွဲဖြစ်မှာစိုးရိမ်လို့ အခြားဒေသတွေကို ကြိုတင်စစ်ရှောင်နေကြတယ်လို့ လားရှိုးဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
“တဖြည်းဖြည်းချင်းတော့ မြို့ပေါ်မှာ လူသိပ်မရှိတော့ဘူး။ ဆက်ရှောင်နေကြတုန်းပဲ။ အလျှိုလျှိူသွားနေကြတာ။ တချို့တွေကားမရသေးလို့ မနက်ဖြန်၊ သန်ဘက်ခါမှသွားဖို့စောင့်နေတဲ့သူတွေရှိတယ်” လို့ လားရှိုးမြို့ပေါ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
ကြိုတင်တိမ်းရှောင်ကြတဲ့ လားရှိုးဒေသခံတွေဟာ ရန်ကုန်၊ မန္တလေးအပါအဝင် အခြားနီးစပ်ရာဒေသတွေကို ရှောင်ကြတာဖြစ်ပြီး လားရှိုးမြို့ပေါ်ကို အခြားဒေသတွေကနေ လာရောက်အလုပ်လုပ်ကြသူတွေလည်း သူတို့နေရပ်တွေဆီပြန်ကုန်ကြပြီလို့ လားရှိုးမြို့ခံတစ်ဦးကဆိုပါတယ်။
“ပိုက်ဆံရှိတဲ့သူတွေကတော့ သွားကုန်ကြတော့တာပေါ့၊ သူတို့အမျိုးတွေဘာတွေရှိတဲ့ဆီပေါ့။ သူဌေးတွေက မနေတော့ဘူး။ ပြန်ပေးဆွဲတာတို့၊ လုယက်တာတို့ဖြစ်မှာစိုးတော့ ကြိုရှောင်ကုန်ကြတာ။ တခြားနယ်တွေကလာတဲ့သူတွေလည်း ပြန်ကြတာများတယ်။ မြို့ပေါ်ကတော့ ခါတိုင်းထက် သိသိသာသာခြောက်ကပ်သွားတယ်။ အခုရက်ပိုင်းမှ အတော်လေးထွက်ကုန်ကြတာများတယ်”လို့ သူကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် မြို့အသီးသီးကနေ ထွက်ပြေးတိမ်းရှောင်ကြသူတွေများတာကြောင့် ကားလက်မှတ်ဈေးတွေလည်း သုံးဆနီးပါးမြင့်တက်သွားတယ်လို့ လားရှိုးမြို့မှာ သွားရောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးကလည်း ပြောပါတယ်။
“လားရှိုး-ရန်ကုန် တစ်သိန်းနှစ်သောင်း၊ မန္တလေးဆိုလည်း ရှစ်သောင်း၊ အိမ်စီးကားတွေနဲ့သွားကြသူတွေဆို တစ်ယောက်ကို တစ်သိန်းခွဲ အမျိုးမျိုးရှိတယ်။ အရင်ကထက်သုံးဆကျော်လောက်တက်သွားတာပေါ့။ အခုရက်ထဲတော့ လားရှိုးကနေ ရန်ကုန်၊ မန္တလေးဘက်ကို ပစ္စည်းတွေလည်း ပို့ရခက်သွားတယ်။ ပို့တာတွေများလို့ တစ်ပတ်လောက်စောင့်ပြီးမှပို့လို့ရမယ်တဲ” လို့ သူကပြောပါတယ်။
လားရှိုးမြို့ခံအများစုဟာ အခုလ ၅ ရက်က စစ်ကောင်စီတပ်ရဲ့ လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အပါအဝင် တပ်စခန်းအများစု မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဆီ လက်နက်ချအညံ့ခံပြီးချိန်ကစလို့ မြို့ပေါ်မှာတိုက်ပွဲဖြစ်လာမှာစိုးတာကြောင့် ကြိုတင်တိမ်းရှောင်ကြတာများလာတာလို့ ဒေသခံတွေက ပြောကြပါတယ်။
လားရှိုးမြို့အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့က ဒေသခံတွေလည်း မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် အခြားနီးစပ်ရာမြို့တွေကို ကြိုတင်တိမ်းရှောင်နေကြပြီး မြို့ပေါ်မှာ အိမ်စောင့်အဖြစ်ကျန်ခဲ့သူတွေသာများတယ်လို့ မိုးမိတ်ဒေသခံတွေက ပြောကြပါတယ်။
“မိုးမိတ်ကအခြေနေမကောင်းဘူး။ ဆိုင်တွေအိမ်တွေပစ်သွားရင်လည်း သူခိုးကပေါတော့ မထားရဲဘူး။ မြို့ထဲတော့ ခြောက်ကပ်နေတာပဲ။ ပြောင်းတဲ့သူကတော့ပြောင်းကုန်ကြတာပဲ၊ နီးစပ်ရာပေါ့။ မန္တလေးဘက်ကို ရွှေ့ကြတာလည်းများတယ်။ ကျောင်းတွေမှာလည်း(စစ်ကောင်စီတပ်တွေ) နေရာယူထားတယ်။ လေယာဉ်တွေနဲ့လည်း လာပစ်တယ်။ ကျောင်းတွေထဲကနေတော့ နေ့တိုင်းရွာတွေဘက်ကို လှမ်းပစ်တာတွေရှိတယ်” လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ အချက်အလက်တွေရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၅ရက်အထိ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ တစ်သိန်းကျော်အထိရှိလာတယ်လို့ ဆိုထားပါတယ်။
မနှစ်က အောက်တိုဘာလ ၂၇ ရက်က ညီနောင်မဟာမိတ်တပ်တွေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လောက်ကိုင်၊ ချင်းရွှေဟော်မြို့တွေကို MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီး ကိုးကန့်ဒေသတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ TNLA အဖွဲ့ဟာလည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နမ့်ဆန်၊ မန်တုံတို့အပါအဝင် နမ္မတူ၊ ကွတ်ခိုင်၊ သိန္နီမြို့ တွေကိုလည်း ထိန်းချုပ်ထားပါတယ်။
ပုံစာ-ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်မြင်ကွင်း
Photo – Supplied

