ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၆ (မော်ကွန်း)
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားတဲ့ ဆန်ဈေးနှုန်းဟာ ဈေးကွက်ပေါက်ဈေးနဲ့ ကွာဟနေတဲ့အတွက် ဆန်ဈေးနှုန်းသတ်မှတ်ရောင်းချရာမှာ အခက်အခဲတွေ့နေတယ်လို့ ဆန်ကုန်သည်တွေ၊ ဆန်လက်လီ၊ လက်ကားရောင်းချသူတွေက ပြောပါတယ်။
ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေဖို့ဆိုပြီး ဆန်ဈေးနှုန်းတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က မနေ့ကရက်စွဲနဲ့ သတ်မှတ်ထုတ်ပြန်ခဲ့တာပါ။
ရွှေဘိုပေါ်ဆန်း ၂၄ ပြည်ဝင် တစ်အိတ်ကို ကျပ် ၁၂၅,၀၀၀ ကနေ ၁၃၅,၀၀၀ လို့ ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားပေမယ့် အပြင်ဈေးကွက်မှာတော့ ကျပ် ၁၈၀,၀၀၀ ဝန်းကျင်ထိ မြင့်တက်နေပါတယ်။
အလားတူပဲ ဧရာဝတီ ပေါ်ဆန်းကိုတော့ တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀ ကနေ ကျပ် ၁၁၀,၀၀၀ အတွင်းလို့ သတ်မှတ်ထားပေမယ့် အပြင်ဈေးကွက်မှာတော့ ကျပ်တစ်သိန်းခွဲဝန်းကျင်ထိ မြင့်တက်နေသလို၊ ကျပ် ၇၀,၀၀၀ ကနေ ကျပ် ၈၅,၀၀၀ ထိ သတ်မှတ်ထားတဲ့ ဧည့်မထဆန်တစ်အိတ်ကိုတော့ အပြင်ဈေးကွက်မှာ ကျပ် ၈၀,၀၀၀ ကနေ ၁၀၀,၀၀၀ ဝန်းကျင်ထိ ရှိနေတာပါ။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဧည့်မထနဲ့ ပေါ်ဆန်း စပါးဈေးတွေကို သတ်မှတ်ရည်ညွှန်းဈေးတွေထက် ပိုမိုမြင့်မားစွာ ရောင်းဝယ်ကြတာကြောင့် ပြည်တွင်းဆန်ဈေးနှုန်းတွေဟာ မူလရည်ညွှန်းဈေးတွေထက် ပိုမိုမြင့်တက်လာတဲ့အတွက် အခုလို ဈေးသတ်မှတ်ပေးတာလို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲ့ဒီသတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း အပြင်ဈေးကွက်မှာ ဝယ်ယူလို့မရဘူးဆိုရင်တော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ကုန်စည်ဒိုင်တွေဆီကို ဆက်သွယ်ဝယ်ယူနိုင်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိ ဈေးကွက်အတွင်းမှာ စပါးပေါ်ချိန်ဖြစ်တဲ့အတွက် ဆန်ဈေးက အနည်းငယ်တည်ငြိမ်နေပေမယ့် ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားတာထက် ဈေးကွာဟနေသေးတာကြောင့် ဆန်ဈေးနှုန်းသတ်မှတ်ရာမှာ အခက်အခဲရှိတယ်လို့ မြောက်ဥက္ကာလပမြို့နယ်က ဆန်လက်လီ၊ လက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။
“အခုက ပေါ်ဆန်းတို့လို ဆန်ချောအုပ်စုတွေတော့ ဈေးနည်းနည်းငြိမ်နေတယ်။ ကျသွားတာတော့မဟုတ်ဘူး။ အရင်အတက်ဈေးမှာပဲ ငြိမ်နေတာ။ သူတို့သတ်မှတ်ထားတာထက်တော့ တစ်အိတ်ကို သုံးလေးငါးသောင်းလောက် ကွာနေသေးတယ်” လို့ ၎င်းက ပြောပါတယ်။
ပြည်တွင်းမှာ စက်သုံးဆီရှားပါးမှုအခြေအနေတွေ၊ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်မှုတွေ၊ စပါးရိတ်သိမ်းခြွေလှေ့စရိတ်တွေအပါအဝင် ဆန်ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်တက်နေတာက ဈေးနှုန်းမကျဆင်းရတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
“လယ်သမားကတော့ သူတို့ တွက်ခြေကိုက်တဲ့ ပေါက်ဈေးနဲ့ လွှတ်မှာပဲ။ ဒီနှစ်စပါးအတွက် ကုန်ကျစရိတ်ဘယ်လောက်ရှိသလဲ။ အဲ့ဒီကုန်ကျစရိတ်ကို ကာမိပြီး အမြတ်ရရင်ရောင်းရမှာပဲလေ။ အဲ့ဒီထက်လျှော့ရောင်းလို့ မရဘူး။ စီးပွားရေးဈေးကွက်ဆိုတာကို သူတို့အတင်းသတ်မှတ်လို့ မရဘူး။ ရောင်းသူဝယ်သူကြား အဆင်ပြေဖို့ လိုတယ်” လို့ အဲ့ဒီ ဆန်ကုန်သည်က ပြောပါတယ်။
ပြည်တွင်းဆန်ဈေးမြင့်တက်နေမှုကို ထိန်းညှိဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဟာ ဆန်သိုလှောင်ရုံတွေ၊ ဈေးဝယ်စင်တာတွေ၊ ဆန်လက်လီ/လက်ကား အရောင်းဆိုင်တွေကို ဆန်သိုလှောင်မှု ပမာဏတွေ မှတ်ပုံတင်ဖို့ ယခုလဆန်းပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဆန်ကို စီးပွားဖြစ်ရောင်းဝယ်ဖို့ တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅,၀၀၀ အထက် သိုလှောင်မှုတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဆီ မှတ်ပုံတင်ဖို့ အသိပေးထားတာပါ။
ပုံစာ – ရန်ကုန်တိုင်းက ဆန်သိုလှောင်ရုံတစ်ခု
ဓာတ်ပုံ – မော်ကွန်း

