ပခုက္ကူ – ၂၀၂၂ မတ် ၂၈ (မော်ကွန်း)
မကွေးတိုင်းပခုက္ကူမြို့ပေါ်မှာ အခွန်ရုံးဝင်စီးခံရပြီး ဝန်ထမ်းများ ပြည်သူ့ဘက်ကရပ်တည်ဖို့သတိပေးခံရကြောင်း ဒေသခံက ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၁:၀၀ နာရီဝန်းကျင်က ပခုက္ကူမြို့ပေါ်မှာရှိတဲ့ မြန်မာ့အာမခံလုပ်ငန်းနဲ့အခွန်ဦးစီးဌာနရုံးကို အဖွဲ့တစ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး စာရွက်စာတမ်းတချို့ကို သိမ်းယူဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြောင်း၊ ဝန်ထမ်းများကိုလည်း ပြည်သူနဲ့အတူရပ်တည်ကြဖို့ ပြောသွားကြောင်း ဒေသခံက ပြောပါတယ်။
ရုံးဝန်ထမ်းတစ်ယောက်က ဖုန်းဆက်မယ်လုပ်လို့ဖုန်းကိုသိမ်းဆည်းသွားပြီး ပြန်လည်ခုခံဖို့ပြင်ဆင်တဲ့တစ်ယောက်လည်း ရိုက်နှက်ခံရကြောင်း မြို့ခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဥ်ကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအပါအဝင် PDF သုံးဖွဲ့ပေါင်းပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကကြေညာချက်ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
“အဲဒါဖြစ်ပြီး မြို့ပေါ်မှာ အစစ်အဆေးတော်တော်ကြမ်းနေတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ယမန်နေ့ မတ်လ ၂၇ ရက်နေ့က ပခုက္ကူမြို့နယ် မြို့ရှောင်လမ်းပေါ်မှာ ကင်းလှည့်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဆိုင်ကယ် သုံးစီးကို PDF နှစ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားတချို့သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

