အမရပူရ – ၂၀၂၂ မတ် ၉ (မော်ကွန်း)
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့က မီးရထား CDM ဝန်ထမ်းမိသားစုတွေနေထိုင်တဲ့ နေရာတွေကို အာဏာသိမ်းစစ်တပ်က အတင်းအကြပ် နှိပ်ကွပ်ကာ နှင်ထုတ်ခဲ့ကြောင်း ဒီကနေ့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
ဒီလိုနှင်ထုတ်အကြမ်းဖက်ခဲ့လို့ ဖျက်ဆီး ပြောင်းရွှေ့ပေးလိုက်ရတဲ့ အိမ်ထောင်စုဟာ ထောင်ချီရှိပြီး လတ်တလော နေထိုင်ရေးမှာ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မတ်လ ၆ ရက်နေ့ကစပြီး အင်အားရာချီအသုံးပြုကာ လက်နက်တွေနဲ့ခြိမ်းခြောက်ပြီး ရက်ပိုင်းအတွင်း ရွှေ့ပြောင်းကြဖို့ စာတွေလိုက်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြစ်ငယ်မှာမီးရထားဝန်ထမ်း နှစ်ထောင်ဝန်းကျင်ရှိတဲ့အနက် တစ်ထောင်ကျော်က CDM ပြုလုပ်ထားကြပြီး CDM ဝန်ထမ်းတွေကို ပြောင်းရွှေ့ခိုင်းတာဖြစ်ကြောင်း၊ CDM ဝန်ထမ်းတွေအပြင် မြစ်ငယ်မှာရှိတဲ့ မီးရထားနယ်မြေအနီးက အိမ်တွေကိုပါ အတင်းအဓမ္မဖယ်ရှားနေကြောင်း ဒေသခံတွေက ပြောပါတယ်။
“တချို့ကတော့ ဆွေမျိုးနီးစပ်အိမ်တွေမှာ လောလောဆယ်သွားနေနေရတယ်။ အများစုကတော့ နေစရာမရှိကြဘူး။ တော်တော်ဒုက္ခရောက်နေတယ်”လို့ မြစ်ငယ်မီးရထားဝန်ထမ်းမိသားစုဝင် တစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းလို့ မြစ်ငယ်မီးရထားစက်ရုံမှာ CDM လုပ်တဲ့ဝန်ထမ်းဟာ ဝန်ထမ်းအားလုံးရဲ့ သုံးပုံ နှစ်ပုံလောက်ရှိပြီး မိသားစုဆွေစဥ်မျိုးဆက် မီးရထားဝန်ထမ်းအလုပ်ပဲ ဆက်လက်လုပ်ကိုင်ခဲ့တာကြောင့် အများစုက အိမ်ရာပိုင်ဆိုင်မှုမရှိကြကြောင်း ဒေသခံက ပြောပါတယ်။
စစ်တပ်ကတော့ အာဏာစသိမ်းစဉ်ကတည်းက ခုချိန်ထိ အာဏာမရသေးဘဲ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် စတဲ့နေရာတွေမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ပြည်သူတွေရဲ့ နေအိမ်တွေကို နေ့စဉ်မီးရှို့ဖျက်ဆီးတာ၊ တန်ဖိုးရှိပစ္စည်းတွေကို လုယက်ခိုးယူတာတွေအပြင် ဒေသခံတွေကိုလည်း သတ်ဖြတ်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ဒီကနေ့ နောက်ဆုံး တွက်ချက်ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ် သတ်ဖြတ်လို့ ကျဆုံးခဲ့တဲ့ပြည်သူဟာ အနည်းဆုံး ၁၆၄၀ ဦးရှိလာပါပြီ။
ပုံစာ – နှိပ်ကွပ်ဖျက်ဆီးခံနေရသော မြစ်ငယ်မီးရထားမိသားစုဝင်များ။
ဓါတ်ပုံ – ဒေသခံ
#Dailynews

