နေပြည်တော်-၂၀၂၂ ဇန်နဝါရီ ၁၀ (မော်ကွန်း)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကစွပ်စွဲထားတဲ့ ပုဒ်မတွေထဲက ပုဒ်မသုံးခုအတွက် နေပြည်တော်အထူးတရားရုံးက ဒီကနေ့ ထောင်ဒဏ်လေးနှစ် ထပ်မံအမိန့်ချခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။
“ဒီနေ့ချလိုက်တာအမှုသုံးခုမှာ လေးနှစ်ပေါ့၊ ဆက်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန်က တစ်ပေါင်းတည်းလုပ်လိုက်တော့ နှစ်နှစ်ဖြစ်သွားတယ်” လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ(၈) အတွက်ထောင်ဒဏ် နှစ်နှစ်၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၇)အတွက် ထောင်ဒဏ် တစ်နှစ်အမိန့်ချခဲ့ပြီး အဲ့ဒီအမှုနှစ်ခုအတွက် တပေါင်းတည်းပြစ်ဒဏ်ကျခံစေခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ အတွက်ထောင်ဒဏ်နှစ်နှစ် စုစုပေါင်းထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၆ ရက်က ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ပြီးဖြစ်တာကြောင့် လက်ရှိမှာ ထောင်ဒဏ်ခြောက်နှစ်အထိရှိလာပြီး အခြားပုဒ်မတွေအတွက်လည်း အမှုရင်ဆိုင်ရဖို့ရှိနေပါသေးတယ်။
Photo: Mawkun
#Dailynews

