ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၇ (မော်ကွန်း)
ပြီးခဲ့တဲ့ နှစ်ရက်ကစပြီး စစ်ကောင်စီတပ်က ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်မှာရှိတဲ့မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေပြီး ဒီနေ့ထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အပါအဝင် တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ မိုးဗြဲမြို့ကို အခုလ ၅ ရက်မှာ စစ်ကောင်စီတပ်ဟာ လေကြောင်း၊ လက်နက်ကြီးပစ်ကူနဲ့ မြေပြင်ထိုးစစ်တွေ အသုံးပြုပြီး စတင်တိုက်ခိုက်လာတာပါ။
ဒီနေ့မှာလည်း မိုးဗြဲမြို့ပေါ်နေရာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဒရုန်းတွေ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေပြီး တော်လှန်ရေးတပ်တွေကလည်း ပြန်လည်တိုက်ခိုက်နေကာ နှစ်ဖက်အကျအဆုံးရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“လေကြောင်းကတော့ တော်တော်ပစ်နေတယ်။ တိုက်ပွဲအခြေအနေတော့ ပြောလို့မရဘူး။ လက်နက်ကြီးတွေရော လေယာဉ်တွေရော တောက်လျှောက်ပစ်နေတယ်။ တော်တော်အင်အားသုံးပြီး တိုက်နေတယ်လို့ ပြောလို့ရပါတယ်” လို့ ၎င်းသတင်းရင်းမြစ်ကပြောပါတယ်။
မိုးဗြဲမြို့ပေါ်ကို ထိန်းချုပ်ထားတဲ့ KNDF တပ်ဖွဲ့ကတော့ ဒီတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်ကို လက်ရှိအချိန်ထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ကောင်စီဟာ ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်မှာတည်ရှိတဲ့မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့လပိုင်းကတည်းက ကြိုးပမ်းနေပြီး လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းပစ်ကူတွေအသုံးပြုကာ မြေပြင်စစ်ကြောင်းကိုလည်း တဖြည်းဖြည်းတိုးလာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ခံစစ်ပြင်ကာ တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိတော့ မိုးဗြဲကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်တယ်လို့ ၎င်းသတင်းရင်းမြစ်က ပြောပါတယ်။
“အရင်လထဲက လွိုင်ကော်ကနေ တာဝေးပစ်တွေနဲ့ တဖြည်းဖြည်းပစ်ပြီး တက်လာနေတယ်။ ဒီရက်ပိုင်းမှာတော့ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတာပေါ့” လို့ ၎င်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ မြောက်ပိုင်းမှာရှိတဲ့ ဖယ်ခုံနဲ့ မိုးဗြဲတောင်ပိုင်းက လွိုင်ကော်မြို့တို့ကို ထိန်းချုပ်ထားပေမယ့် တော်လှန်ရေးအင်အားစုတွေဟာ ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားတာတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
၎င်းဒေသမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA) နဲ့ NUG လက်အောက် PDF တပ်ရင်းတွေအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) တချို့လည်း လှုပ်ရှားနေတာပါ။
စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီဒေသတွေက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာစပြီး စစ်ကြောင်းထိုးလာကာ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေမှာ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့တွေအပြင် လတ်တလောကမှ စုဆောင်းထားတဲ့ စစ်မှုထမ်းအသစ်တွေကို အသုံးပြုလာတာပါ။
ပုံစာ – ဒီဒေသမှာ လှုပ်ရှားနေတဲ့ KNDF တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – KNDF

