မင်းကင်း – ၂၀၂၂ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က မုဿာနဲ့ မောက်တက်ကျေးရွာတွေမှာ အာဏာသိမ်းစစ်တပ် မီးရှို့ခဲ့လို့ အိမ်ခြေပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အကူအညီတွေလိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
“လောလောဆယ် ရိက္ခာနဲ့အလှူငွေ ရသလောက်လိုအပ်နေပါတယ်။အိမ်တော်တော်များများမီးလောင်ကုန်တဲ့အတွက် အကုန်အခက်အခဲဖြစ်နေတယ်ဗျ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပန်းဆက်ရွာနဲ့ တောင်ဖြူရွာတွေက ပျူစောထီးတွေနဲ့ပေါင်းပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက် ၃:၀၀ နာရီခန့်က မင်းကင်းမြို့နယ်၊ မုဿာရွာနဲ့ မောက်တက်ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီး မီးရှို့ခဲ့တာပါ။
မုဿာကျေးရွာက အိမ်ခြေ ၂၀၀ ကျော်ခန့်နဲ့မောက်တက်ကျေးရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအ၀င် အိမ်ခြေ ၁၂၀ ကျော် မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာသား လေးယောက်ပါ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာထဲက ပြည်သူတွေရဲ့ ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်သားတွေ ခိုးယူသွားခဲ့ကြပြီး ဘုန်းကြီးကျောင်းကပစ္စည်းတွေလည်း ခိုးယူတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်သွားကြောင်း ဒေသခံက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း ကနီမြိုနယ်၊ ချိုင်ကျေးရွာမှာ စစ်ကောင်စီတပ်ကလက်နက်ကြီးကျည်ကျရောက်ပြီး လူနေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။
ပုံစာ – မီးရှို့ခံလိုက်ရတဲ့နေအိမ်များ။
ဓာတ်ပုံ – Supplied
#Dailynews

