ကလေး – ၂၀၂၂ ဇွန် ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ကမီးရှိူ့အပြီး ဒီကနေ့ညနေမှာလည်း ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညက ငါးကြိမ်မြောက် မီးရှို့ခဲ့တာဖြစ်ပြီး နတ်ချောင်းကျေးရွာအတွင်းက နေအိမ် ၁၀အိမ်ဝန်းကျင်မီးလောင်သွားပါတယ်။
“မနေ့က ညနေပိုင်းမီးရှို့ပြီးတော့မနက်ကိုထပ်မရှို့ဘူး၊မနက်ကိုသူတို့ကဘေးနားနည်းနည်းကိုကင်းထောက်ပုံစံမျိုးတွေ ခွဲထွက်ပြီး လက်နက်ကြီးနဲ့ လှမ်းထုတာမျိုးတွေ၊ ဘေးပတ်ဝန်းကျင်လှမ်းထုတာမျိုးတွေပဲရှိတာ၊ညနေပိုင်းမှမီးထပ်ရှို့တာ၊အဝေးကကြည့်နေတာတောင်မီးခိုးတွေကိုအူထနေတာပဲ” လို့သတင်းရင်းမြစ်ကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နတ်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းမှာအင်အား ၁၀၀ ဝန်းကျင်နဲ့တပ်စွဲထားတယ်လို့ သူကဆိုပါတယ်။
“အရင်ဆုံးသေနတ်ပစ်သံတွေစကြားလိုက်ရတယ်၊တိုက်ပွဲဖြစ်သလိုမျိုးပုံစံနဲ့ကိုကြားလိုက်ရတယ်၊ဒါပေမယ့်လည်း ခနလေးပဲ၊မိနစ်နဲ့ပြောရရင်နှစ်မိနစ်သုံးမိနစ်လောက်ပဲ ကြာမှာ၊ပစ်ပြိီးတော့ ကျနော်တို့ဘက်ကို လှည့်လာတာ၊ အဲ့ကတည်းက ကျနော်တို့ပြေးရတော့တာပဲ”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကတပ်သားတွေက နတ်မြောင်းကျေးရွာစစ်ရှောင်စခန်းတွေကိုပါလက်နက်ကြီးနဲ့လှမ်းပစ်ခဲ့တာကြောင့် စစ်ရှောင်တွေကထပ်မံတိမ်းရှောင်နေကြရပါတယ်။
အိမ်ခြေ ၄၀၀ ကျော် မီးရှို့ခံထားရတဲ့ နတ်ချောင်းဟာ စံပြကျေးရွာကြီးတစ်ရွာဖြစ်ပြီး အခုနောက်ဆုံးအကြိမ် ပျက်စီးတဲ့အိမ်အရေအတွက်ကိုမသိရသေးပါဘူး။
စစ်ကိုင်းတိုင်းရဲ့ မြို့နယ်အများစုကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်ပေးပို့မှုတွေ နောက်ကျနေရပါတယ်။
#Dailynews

