လက်ပံတောင်း – ၂၀၂၄ စက်တင်ဘာ ၁၃ (မော်ကွန်း)
စက်တင်ဘာ ၁၁ ရက်က ယင်းမာပင်ခရိုင်ရဲတပ်ရင်းနားမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဈေးဆိုင်ရှင်တွေအပါအဝင် အရပ်သား ၁၀ ဟာ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။
ဖြစ်ရပ်ဖြစ်တဲ့နေ့ ညနေပိုင်းမှာ ယင်းမာပင်ခရိုင်ရဲတပ်ရင်းကနေ စစ်ကောင်စီတပ်သားနဲ့ရဲတွေ စုစုပေါင်း ၃၀ လောက် မြောက်ယမားတံတားထိ လုံခြုံရေးယူနေချိန်ဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
“ဘာအတွက်ကင်းယူတယ်ဆိုတာတော့ မသိရဘူး လက်ပံတောင်းတောင် စီမံကိန်းက စစ်သား(၃၀)ကလည်း ကံကုန်းရွာအထိ ကင်းယူကြတယ်၊ ဝမ်ဘောင်ကုမ္မဏီက ကြေးပြားသယ်ဖို့လား ဒါမှမဟုတ် ရိက္ခာသယ်ဖို့လားအတိကျမပြောနိုင်ဘူး” လို့ ဒေသတွင်း တိုက်နယ် ပကဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
လုံခြုံရေးယူနေချိန်မှာပဲ ရဲတပ်ရင်းနားက ဆိုင်တွေကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဝင်ကာ ကုန်စုံဆိုင်၊ အရက်ဆိုင်၊ ဆီစက်၊ လေထိုးဆိုင်နဲ့ သုံးဘီးလေဖြည့်နေသူ လူငယ်နှစ်ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးသွားတာလို့ ပကဖအဖွဲ့ဝင်ကပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို ယင်းမာပင်ခရိုင်ရဲတပ်ရင်း ၂၈ ထဲကို ခေါ်ဆောင်သွားတယ်လို့ သူကပြောပါတယ်။
ဖမ်းဆီးခံရတဲ့နေ့က ဒေသတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေ့လည်းဖြစ်တယ်လို့ ပကဖအဖွဲ့ဝင်ကပြောပါတယ်။
“မိုင်းက သုံးနေရာခွဲလိုက်တယ်၊ စက်တင်ဘာ ၁၁ရက် ၄း၄၅မိနစ်အချိန်စပြီးခွဲတာ၊ စစ်ကောင်စီတပ်သား ၁ယောက်သေပြီး ၂ကောင်ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်ဗျ၊ တနေရာတည်း မိလိုက်လို့ သုံးနေရာလုံးမိလိုက်ရင် ဒီကောင်တွေ ပိုပြီးနာမှာ”လို့ ယင်းမာပင်မြို့နယ် တိုက်နယ် (၂)ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပုသိမ်မုံရွာလမ်းမထက်မှာ ကင်းယူထားတဲ့အတွက် ယင်းမာပင်မြို့နယ်က ကျေးစာကျ၊ပေကုန်း ဆားလင်းကြီးမြို့နယ်ထဲက ဂုဏ်တော၊ ဒုန်းတော စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လက်ပံတောင်းတောင်စီမံကိန်း ကင်းယူပေးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မွန်းလွဲပိုင်းနဲ့ညနေပိုင်းတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး လမ်းသွားလာသောပြည်သူတွေကိုလည်း စစ်ဆေးနေတယ်လို့ ဒေသခံဆီကသိရပါတယ်။

