မအူပင် – ၂၀၂၂ ဖေဖော်ဝါရီလ ၀၁ (မော်ကွန်း)
ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက စစ်ဆေးရေးဂိတ်၊ ရဲစခန်းဝန်းနဲ့ မလတ်တိုကျေးရွာထိပ်တွေမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ရဲတွေ သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မအူပင်မြို့ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ရဲလိုင်းခန်းမှာ မနက် ၁၁:၀၀ နာရီလောက်က ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေက သွားနေချိန်မှာ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဗုံးတစ်လုံး ထပ်မံပေါက်ကွဲပြီး ရဲ တစ်ဦး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ဒီမနက်ပေါက်တာ ၃ လုံးရှိပြီး ရဲလိုင်းခန်းမှာဗုံးပေါက်တော့ စစ်တပ်က သွားတာ အများကြီး အဲ့မှာ စစ်ဆေးရေး ဂိတ်မှာထပ်ပေါက်တာ” လို့ ဒေသခံတဦးကပြောပါတယ်။
မြို့အဝင်စစ်ဆေးရေးဂိတ်က ရဲသေဆုံးလို့ ဆေးရုံတင်ကားနဲ့ စစ်ကောင်စီတပ်သားတွေ လာနေချိန်မှာ ရန်ကုန် – ပုသိမ် မဲဇလီကားလမ်းမှာစောင့်နေတဲ့ နောက်ထပ်ရဲတစ်ဦးကို လက်နက်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ရဲဟာ မလက်တို နယ်မြေရဲစခန်းက ရဲတပ်သား စောကြည်လွင်ဆိုသူဖြစ်ပြီး စစ်ဆေးရေးဂိတ်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ ရဲကိုတော့ အတည်ကျမသိရသေးပါဘူး။
ပေါက်ကွဲ၊ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ မြို့ဝင်ထွက် ဂိတ်တွေကို စစ်ဆေးတာတွေ တင်းကြပ်ပြီး မြို့ထဲမှာလည်း စစ်သားနဲ့ ရဲရောပြီး လှည့်လည်တာတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
#Dailynews

