ရန်ကုန် – ၂၀၂၃ ဇူလိုင် ၆ (မော်ကွန်း)
ဒီနေ့ ထိုင်း-မြန်မာနယ်စပ်မှာဖြစ်နေတဲ့ ငွေလဲလှယ်နှုန်းဟာာ မြန်မာငွေကျပ်တစ်သိန်းကို ၁,၁၅၀ ဝန်းကျင်ထိမြင့်တက်လာတယ်လို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက ကျပ်တစ်သိန်းကို ဘတ် ၁,၁၈၀ ကျော်မှာရှိနေခဲ့ပြီး အခုဇူလိုင်လမှာ ထပ်မံမြင့်တက်လာခဲ့ပြီး ယခုနှစ်အတွင်း အမြင့်ဆုံးဖြစ်လာတာလို့ မြဝတီမြို့က ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ၂၀၂၁ က မြန်မာကျပ်ငွေတစ်သိန်းကို ထိုင်းဘတ် ၁,၆၀၀ ဝန်းကျင်ရတယ်၊ အခုက ၁,၁၀၀ ဘတ်ကျော်ထိဖြစ်သွားတာ၊ တခါမှ မကြားဖူးတဲ့ ဈေးနှုန်းတွေဖြစ်နေတယ်၊ နှစ်နှစ်အတွင်း မြန်မာပိုက်ဆံတန်ဖိုးက ထိုးကျသွားတာ” လို့ သူက ပြောပါတယ်။
အဲ့ဒီလို ထိုင်းဘတ်ငွေဈေးနှုန်းမြင့်တက်နေတဲ့အတွက် ထိုင်းနိုင်ငံဘက်က တင်သွင်းရောင်းချတဲ့ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း ယခုရက်ပိုင်းမှာမြင့်တက်မှုတွေရှိလာတယ်လို့ သိရပါတယ်။
အထူးသဖြင့် ထိုင်းနိုင်ငံဘက်က တင်သွင်းရတဲ့ အဝတ်အထည်၊ အလှကုန်ပစ္စည်းနဲ့ မီးဖိုချောင်သုံး ပစ္စည်းအချို့ဟာ ငွေလဲလှယ်နှုန်းကြောင့် ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ထိုင်းကုန်စည်တွေ တင်သွင်းရောင်းချသူတစ်ဦးက ပြောပါတယ်။
“လက်ရှိဘတ်ဈေးက တော်တော်ကောင်းနေတယ်ပြောရမယ်၊ လမ်းမှာလည်း တန်ဆာခတွေ၊ သယ်ယူပို့ဆောင်ခတွေလည်း ဈေးကတက်တော့ ကုန်တွေက အတက်ဈေးတွေပဲဖြစ်နေတယ်၊ ထိုင်းကဝယ်တဲ့ဆပ်ပြာတို့၊ အလှကုန်တွေ၊ သွားတိုက်ဆေးတို့ ဘာတို့ကအစ နည်းနည်းချင်စီ တက်ကုန်တယ်၊ အဲ့ဒါတွေဈေးက မတင်လို့မရတော့ဘူး ၊ အရင်တပတ်ကဝယ်တဲ့ဈေးက အခုမတူတော့ပြန်ဘူး အဲ့ဒီလိုဖြစ်နေတာ၊ အဓိကက ငွေဈေးအတက်အကျမငြိမ်တော့ ကုန်သည်တွေအတွက် တော်တော်ခေါင်းခဲရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ငွေလဲလှယ်နှုန်းကြောင့် ထိုင်းကုန်ပစ္စည်းအချို့ ပစ္စည်းအမျိုးအစားအလိုက် ၂၀၀ ကျပ်ကနေ ၅၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့တယ်လို့ ထိုင်းကုန်ပစ္စည်းတွေကို လက်လီရောင်းချသူတစ်ဦးက ပြောပါတယ်။
“ဥပမာ တစ်လက်ကို ၇,၅၀၀ ကျပ် တန် ထီးတစ်လက်က အခု ၈,၀၀၀ ကျော်နဲ့ယူရတယ် ပြီးတော့ အရင်က ၅,၀၀၀ တန် ဘီစကွတ်မုန့်တစ်ထုပ်က အခု ၅,၅၀၀ လောက်တက်သွားတယ်၊ အချို့ပစ္စည်းတွေလည်း သွားတိုက်ဆေးတို့ ဘာတို့ကအစ ၁၀၀ ၊ ၂၀၀ တက်တာရှိတယ်” လို့ ဆိုပါတယ်။
ပြည်တွင်းဈေးကွက်အတွင်းအသုံးပြုနေတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ၊ အဝတ်အထည်တွေ၊ စားသောက်ကုန်တွေ စတဲ့ လူသုံးကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံကနေ အဓိက တင်သွင်းနေတာဖြစ်ပါတယ်။
#Dailynews

