သင်္ဃန်းညီနောင်မှာကျန်ရှိနေတဲ့စစ်ကောင်စီတပ်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေဆက်လက်တိုက်ခိုက်

သင်္ဃန်းညီနောင်မှာကျန်ရှိနေတဲ့စစ်ကောင်စီတပ်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေဆက်လက်တိုက်ခိုက်

ရန်ကုန် – မတ် ၁၅ (မော်ကွန်း)

ထိုင်းမြန်မာနယ်စပ်၊ မြဝတီမြို့အဝင် သင်္ဃန်းညီနောင်မှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရင်းနှစ်ခုကို ဒီနေ့မနက်ပိုင်းက KNLA ပူးပေါင်းတပ်တွေ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

ဒီနေ့မနက်အစောပိုင်းက သင်္ဃန်းညီနောင်ကျေးရွာအနီးက စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၃၅၆ နဲ့ ၃၅၇ တို့ကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်မှုတွေရှိသလို လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ မြဝတီဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။

“ခမရ ၃၅၇ ကို သိမ်းလိုက်တယ်လို့လည်း သတင်းတွေထွက်တယ်။ လေယာဉ်တွေကတော့ အခုကို ပျံနေတယ်။ လက်နက်ကြီးတွေလည်း တခြိန်းခြိန်းနဲ့ မိုးလင်းထဲက ပစ်နေတာပဲ” လို့ ၎င်းဒေသခံက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။

KNLA ပူးပေါင်းတပ်တွေဟာ မြဝတီမြို့အဝင် သင်္ဃန်းညီနောင်ရွာမှာရှိတဲ့ စစ်ကောင်စီရဲ့‌ ခြေမြန်တပ်ရင်းတွေကို ယခုလဆန်းပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

ယခုလ ၉ ရက်မှာတော့ သင်္ဃန်းညီနောင်မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းသုံးခုအနက် ခမရ-၃၅၅ ကို KNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေဟာ ခမရ -၃၅၅ ကို သိမ်းထားဆဲဖြစ်ပြီး ကျန်ရှိတဲ့ မြဝတီမြို့အဝင်က တပ်ရင်းတွေနဲ့ ဗျူဟာကုန်းတွေကို ဆက်လက်တိုက်ခိုက်နေတာပါ၊

နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုတွေ၊ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၀ ဦးထပ်မနည်း သေဆုံးခဲ့ပြီး သင်္ဃန်းညီနောင်ရွာမှာရှိတဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ တိုက်ပွဲပြင်းထန်နေတဲ့ သင်္ဃန်းညီနောင်က ဒေသခံသုံးထောင်ကျော်ခန့်ဟာ မြဝတီမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသအခြေစိုက်အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလိုက်ပြီး ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေကိုလည်း ဝင်ရောက်ခွင့်မပေးတော့ဘူးလို့ သင်္ဃန်းညီနောင်က စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

“အခုက အဲဒီဘက်မှာ တိုက်ပွဲကြားမှာ ဝှေ့ရှမ်းရွာဘက်မှာ လက်နက်ကြီး နှစ်ယောက်ထိသွားတာ ကြားရတယ်။ ကျွန်တော်တို့ ဝင်လို့မရတော့ဘူး။ အခုအဲဒီဘက်မှာ ဒေသခံတွေလည်း ရွာလုံးကျွတ်ပဲ အကုန်ပြေးကြရတယ်” လို့ ၎င်းက ပြောပါတယ်။

KNLA ပူးပေါင်းတပ်တွေဟာ ယခုလဆန်းပိုင်းကစလို့ စစ်ကောင်စီကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာပြီး မနေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှာ အခြေချထားတဲ့ စစ်ကောင်စီဗျူဟာစခန်းကုန်းကို သိမ်းပိုက်လိုက်ပါတယ်။

အဲဒီ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဗျူဟာမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိထားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ပုံစာ – ကရင်ပြည်နယ်မှာ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

ဓာတ်ပုံ – 69 Soldier PDF

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."