ခင်ဦး – ၂၀၂၂ ဇန်နဝါရီ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်ဝင်ရောက်လာပြီး ပြည်သူနှစ်ဦးကိုပစ်ခတ်ခဲ့ကာ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၆:၀၀ နာရီဝန်းကျင်က ယောက်သွားအိုင်ရွာကို အာဏာသိမ်းစစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်လာပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်နှစ်လုံးကို မီးလောင်ကျွမ်းခဲ့ကြောင်း၊ ရွာသူရွာသားများကိုလည်း ဖမ်းဆီးခဲ့ပြီး နှစ်ဦးကတော့ ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံက ပြောပါတယ်။
“ရွာအရှေ့ခြမ်းကအိမ်တွေကို မီးနဲ့ရှို့တယ်။ ရွာသူရွာသားတွေလည်း အများကြီးဘုန်းကြီးကျောင်းထဲမှာ ဖမ်းထားတာ။ အခြားလူတွေလည်း ထွက်ပြေးနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောကျေးရွာကိုဝင်ရောက်ပြီးအပြစ်မဲ့ ပြည်သူသုံးဦးအားသတ်ဖြတ်ခဲ့ကြကြောင်းဒေသခံက ပြောပါတယ်။
ဒါအပြင် ရွာထဲက စပါးရိတ်ချွေစက်တစ်စီး၊တုန်ဖုန်းထွေလာတစ်စီး၊ဆိုင်ကယ်တွေ၊ရေခဲသေတ္တာတွေကို ခိုးယူသွားကြောင်း ဒေသခံက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဝင်ရောက်နေမှုကြောင့် အထက်ပါကျေးရွာတွေအပြင် သရက်ကန်ရွာ၊ပေကုန်းရွာ၊ စည်ပုတ္တရာရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့်ဆေးဝါးများလိုအပ်နေကြောင်း အကူအညီပေးနေသူတွေက ပြောပါတယ်။
ပုံစာ – ယခင်ရက်ပိုင်းအတွင်းက အာဏာသိမ်းစစ်တပ်ရောက်လာ၍ ထွက်ပြေးနေရသည့် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ပြည်သူများ။
ဓါတ်ပုံ-ဒေသခံ
#Dailynews

