မန္တလေး – ၂၀၂၂ ဇန်နဝါရီ ၂၆ (မော်ကွန်း)
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မန္တလေးမြို့က စျေးဆိုင်တွေနဲ့လုပ်ငန်းတွေ ဆိုင်တွေအလုပ်တွေပိတ်ရင် အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်လိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်ခံမန္တလေးစည်ပင်ကော်မတီကနေ ဒီကနေ့ ညနေပိုင်းမှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ခြိမ်းခြောက်ခဲ့တာပါ။
CRPH၊ NUG၊ PDF နဲ့ တည်ငြိမ်အေးချမ်းရေးကို မလိုလားတဲ့ ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပြိုကွဲပျက်စီးစေဖို့ ရည်ရွယ်ပြီး နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတယ်လို့ မန်းစည်ပင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြိုးစားနေတာ တစ်နှစ်ပြည့်လုနီးပါးရှိလာနေပါပြီ။
ဒါပေမဲ့ အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံဌာနတွေ၊ ရဲစခန်းတွေ၊ စစ်တပ်တွေဟာ သဲအိတ်အထပ်ထပ်အကာအကွယ်ယူထားရပြီး အစောင့်အရှောက်မပါဘဲလည်း အပြင်မထွက်ရဲကာ ကြောက်လန့်နေရဆဲဖြစ်ပါတယ်။
ဒီလိုအချိန်မှာပဲ စစ်ကောင်စီမန္တလေးစည်ပင်က ခုလို ခြိမ်းခြောက်စာထုတ်လာတာပါ။
ယခင်ရက်ပိုင်းအတွင်းကပဲ မန္တလေးကဖိနပ်ဆိုင်တစ်ဆိုင်နဲ့ အခြားဆိုင်တစ်ဆိုင် ဖေဖော်ဝါရီလ တစ်ရက်နေ့ဆိုင်ပိတ်မယ်လို့ လူမှုကွန်ရက်မှာရေးသားခဲ့တာကြောင့် အာဏာသိမ်းစစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း အသံတိတ်သပိတ်ကို နိုင်ငံတဝှမ်းကစျေးတွေ၊ စားသောက်ဆိုင် စတိုးဆိုင်တွေနဲ့ လုပ်ငန်းတွေပိတ်သိမ်းပြီး ပြုလုပ်ခဲ့ပါတယ်။
#Dailynews

