မုံရွာ – ၂၀၂၁ ဒီဇင်ဘာ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် နှစ်နေရာက စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်အစောပိုင်းက နှစ်ကြိမ်တိုင် တိုက်ခိုက်ခံရပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နံနက် ၂:၀၀ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်များတပ်စွဲထားရာ ချင်းတွင်းတံတားအနောက်ဘက် ရွှေတောင်ဦးတပ်ကုန်းကို လက်နက်ကြီးတွေနဲ့အချက် ၂၀ခန့် သွားရောက်ပစ်ခက်ခဲ့ရာ ၇ချက်ခန့် ထိမှန်နိုင်ကြောင်း၊ အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက်ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့အတွက် အဆုံးတိုင် လက်တုန့်ပြန်သွားမယ်လို့ မြောက်ယမားပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ညီနောင်မဟာမိတ်တပ်တွေက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါပစ်ခတ်မှုဖြစ်ပွားအပြီး ၃ နာရီနီးပါးအကြာ မန္တလေး-မုံရွာလမ်း၊မုံရွာမြို့အဝင်မုခ်ဦးစစ်ကောင်စီတပ်စခန်းကိုလည်း ကားနဲ့ အလစ်အငိုက် လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေရှိကာ ထိခိုက်မှုအရေအတွက်စုံစမ်းနေဆဲဖြစ်ကြောင်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့-အောက်ချင်းတွင်းက သတင်းထုတ်ပြန်ပါတယ်။
ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာက အပြစ်မဲ့ပြည်သူ ၁၁ ဦး မီးရှို့သတ်ဖြတ်ခံရတဲ့အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့တွေက အသိပေးပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် ဒီကနေ့မနက်ပိုင်း မုံရွာမြို့တွင်း ပြည်ထောင်စုလမ်းမကြီးပေါ်အပါအဝင် စစ်ဆေးမှုများ နေရာအနှံ့ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
#Dailynews

