ရန်ကုန် – ဖေဖော်ဝါရီ ၆ (မော်ကွန်း)
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ကို ဒီနေ့မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီမနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က နောင်ချိုမြို့နယ်က သပြေတောင်ဘုရားကုန်းပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကြံပင်တွေတင်လာတဲ့ကားလာတဲ့ကားကိုမောင်းနှင်လာတဲ့ အသက် ၃၀ အရွယ် ဒေသခံတစ်ဦးဗုံးစထိမှန်ကာ အပြင်းအထန်ဒဏ်ရရှိခဲ့ပြီး ဘုရားကုန်းပေါ်ကကျောင်းဆောင်တချို့လည်း ပျက်စီးသွားတာကို TNLA က ဓါတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့လ ၂၂ ရက်ကလည်း စစ်ကောင်စီဟာ နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်တာကြောင့် လူရှစ်ဦးသေဆုံးခဲ့ကာ နေအိမ်နှစ်လုံးနဲ့ နောင်ချိုရဲစခန်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
အလားတူပဲ ပြီးခဲ့တဲ့လကုန်ပိုင်းက TNLA ထိန်းချုပ်နယ်မြေက ကျောက်မဲပြည်သူ့ဆေးရုံနဲ့ ခရိုင်အုပ်ချုပ်ရေးတို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM ဆရာမနှစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး လူ ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာသွားပါသေးတယ်။
ဒါ့အပြင် TNLA နဲ့ စစ်ကောင်စီအကြားမှာ နောင်ချိုမြို့နယ်နဲ့ဆက်စပ်နေတဲ့ တောင်ခမ်းဒေသမှာ တိုက်ပွဲတွေ ဒီရက်ပိုင်းအတွင်း ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကလည်း တောင်ခမ်းဒေသမကျရေး အင်အားသုံးခုခံကာ နောင်ချိုဘက်ကိုလည်း စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတယ်လို့ နယ်မြေအခြေအနေသိတဲ့ ဒေသခံတချို့က ပြောပါတယ်။
“နောင်ချိုတို့ ကျောက်မဲတို့က ဒေသခံတွေ စစ်ဘေးရှောင်တွေ ပြန်လို့ အဆင်မပြေသေးပါဘူး။ လမ်းကြောင်းတွေမှာလည်း တိုက်ပွဲဖြစ်နေတယ်။ သွားလာရေးအဆင်မပြေဘူး။ စားရေး၊ နေရေးကလည်း ခက်ခဲနေတယ်။ အချိန်မရွေးလည်း ဗုံးကြဲခံရနိုင်တဲ့အခြေအနေရှိတယ်။ အဓိကတော့ လမ်းတွေ မပွင့်သေးဘူးလို့” နောင်ချို ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ နမ့်ခမ်းအစရှိတဲ့ မြို့တွေအပြင် မန္တလေးတိုင်းက မိုးကုတ်မြို့တို့ကို သိမ်းထားနိုင်ခဲ့ပြီး ဒီဒေသတွေမှာ TNLA ရဲ့ အုပ်ချုပ်ရေး ယန္တယားကို လည်ပတ်နေတာပါ။
ပြီးခဲ့တဲ့ လပိုင်းကတော့ TNLA ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထဲက ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ စစ်ကောင်စီတို့အကြား တရုတ်ကြားဝင်မှုနဲ့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကာ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် TNLA အဖွဲ့နဲ့လည်း ဆက်လက်တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ဒီသတင်းတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီရော TNLA ဘက်ကပါ နှစ်ဖက်လုံးက တရားဝင် ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းသတိရှိဖို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။
ပုံစာ -ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အပျက်အစီးတွေရဲ့မြင်ကွင်း
ဓါတ်ပုံ – TNLA သတင်းနဲ့ပြန်ကြားရေး

