ကနီ – ၂၀၂၂ ဇန်နဝါရီ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာနှစ်ရွာက နေအိမ်အလုံး ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကာ အကူအညီလိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဥ်တွေနဲ့ ဆန်တတ်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေက မြစ်ဘေးမှာရှိတဲ့ ကနီမြို့နယ် မုဌော အရှေ့ရွာရှိ လူနေအိမ်(၁၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ကလည်း ကနီမြို့နယ် ၊ နတ်ကြီးရွာက လူနေအိမ် အလုံး ၃ဝ ကျော်ကို ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ဇန်နဝါလ၂၂ရက်ကနေ စတင်ပြီး မုံရွာမြို့နယ်၊မင်းဒေါင့်ဆိပ်ကမ်းက ထွက်ခွါလာပါတယ်။
ကနီမြို့နယ်အရောက်မှာ စစ်ကောင်စီရေယာဉ်တွေပေါ်က စစ်သားတွေဟာ ကျေးရွာတွေထဲ လက်နတ်ကြီး၊ လက်နတ်ငယ်တွေနဲ့ စတင်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတော်လှန်ရေးတပ်တွေနဲ့ပစ်ခတ်မှု့တွေ သုံးနေရာထက်မနည်း တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး ချင်းတွင်းမြစ်အတွင်းကနေ ကမ်းနံဘေးရွာတွေဖြစ်တဲ့ မုဌောရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ကာ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ကနီမြို့နယ်ကျေးရွာတွေက ဒေသခံ ၇၀၀ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်မီးရှို့သွားအပြီး မြင်ကွင်း။
ဓါတ်ပုံ- Supplied
#Dailynews

