ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁ (မော်ကွန်း)
ပြီးခဲ့တဲ့သီတင်းပတ်ထဲက တိုက်ပွဲတွေဖြစ်လို့ လမ်းပိတ်ထားတဲ့ ရေး-ထားဝယ်ကားလမ်းပေါ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ လမ်းကိုဆက်ပိတ်ထားဆဲလို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၆ ရက်တည်းက စစ်ကော်မရှင်တပ်နဲ့ တနင်္သာရီဒေသအခြေစိုက် တော်လှန်ရေးတပ်တွေအကြား ဒီမလွှဲတောာင်-ကလိန်အောင် ကားလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်တာကြောင့် ကားလမ်းကိုပိတ်ထားရပါတယ်။
မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းပေါ်က အဲဒီတိုက်ပွဲတွေကြားမှာ သွားလာနေတဲ့ကားတွေလည်း ရာနဲ့ချီပိတ်မိခဲ့ပြီး ၎င်းကားတွေဟာ ဒီနေ့ထိ ဆက်ပိတ်မိနေဆဲလို့ ဒေသတချို့က ပြောပါတယ်။
“ကားတွေကတော့ လမ်းပေါ်မှာ တန်းစီပြီး ဒီတိုင်းရပ်ထားတယ်။ လူတွေတော့ လွတ်ရာကျွတ်ရာ ဒီတိုင်းပဲ ပုန်းကြတာပေါ့” လို့ ဒေသခံယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ဒီနေ့လယ်ပိုင်းမှာလည်း မလွှဲတောင်နဲ့ ကလိန်အောင်လမ်းပိုင်းမှာ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လ တတိယအပတ်မှာ ဒီလမ်းပိုင်းကို စစ်ကြောင်းထိုးနေပြီး ဒေသခံတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ဒီဒေသတွင်းစစ်ရေးလှုပ်ရှားနေတဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ထားပါတယ်။
ရေဖြူမြို့နယ် မရမ်းချောင်းရွာနဲ့ ပြည်ထောင်စုလမ်းဘေးက သာယာမွန်ရွာတွေမှာ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်တာတွေရှိခဲ့ပြီး တိုက်ပွဲကာလ ခြောက်ရက်အတွင်း စစ်ကော်မရှင်တပ်ဘက်က ၃၆ ဦးထိ သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်က ပြီးခဲ့တဲ့လ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ ကားလမ်းပိတ်ထားတာကြောင့် ထားဝယ်မြို့ပေါ်မှာ ကုန်စည်စီးဆင်းမှု အခက်အခဲရှိလာပြီး ရေရှည်မှာဆိုရင် ကုန်ဈေးနှုန်းတွေမြင့်တက်နိုင်ချေရှိတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။
“ဈေးတွေမှာတော့ ဒေသထွက်တွေတော့ ရှိနေတာပေါ့။ အဓိကတော့ စားသောက်ကုန်တွေ နေ့တိုင်းတင်ပို့နေတဲ့ ကုန်စည်တွေတော့ ပစ္စည်းပြတ်လာနိုင်တယ်။ ဈေးတွေမှာလည်း ပစ္စည်းမဝင်တော့ အလုပ်သမားတွေနား ဆိုင်တွေပိတ်ဆိုတော့ ကြာရင်တော့အဆင်မပြေဘူးပေါ့” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒီတောင်ပိုင်းဒေသတွေမှာ မွန်ပြည်တော်လှန်ရေးတပ်အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းတချို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ စစ်ကြောင်းတချို့အပါအဝင် ဒေသခံ တော်လှန်ရေးတပ် (LPDF) တချို့လည်း လှုပ်ရှားနေတာပါ။
ဒါ့အပြင် ဒီဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ PDF ဗျူဟာ (၃၃) တပ်ဖွဲ့နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ဟာ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ပြီး စစ်ကော်မရှင်တပ်ကို အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ပြီးခဲ့တဲ့လပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
ပုံစာ – ရေး-ထားဝယ်ကားလမ်းပေါ်မှာ ကားတွေ ပိတ်မိနေတဲ့မြင်ကွင်း
ဓါတ်ပုံ – Aung Thaw San

