မုဒုံ – ၂၀၂၂ ဇန်နဝါရီ (မော်ကွန်း)
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ၂၅ နှစ်လောက် မအေးအေးမော်အသက်မွေးခဲ့ပြီးနောက် ကိုဗစ်ကပ်ရောဂါ ဘေးကြောင့် အိမ်ပြန်လာခဲ့ရကတည်းက အလုပ်မရှိခဲ့တာ တစ်နှစ်မကရှိလာပါပြီ။
ကပ်ရောဂါတွေဖြစ်၊ အလုပ်ရုံတွေပိတ်၊ လုပ်အားခတွေလျှော့ခံရတဲ့နောက် ရောဂါရှောင်ရင်း ထိုင်းနိုင်ငံလုပ်ငန်းခွင်ကနေ နေရပ်ပြန်ကြတဲ့ သိန်းနဲ့ချီတဲ့တခြားမြန်မာရွှေ့ပြောင်းအလုပ်သမားတွေလိုပဲ မအေးအေးမော်လည်း သူ့ရွာကို ပြန်လာခဲ့ရတာပါ။
မွန်ပြည်နယ်၊ မုဒုံမြို့ရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့သူ့ရွာကို ၂၀၂၀ အောက်တိုဘာမှာ သူပြန်လာတဲ့အခါ ခင်ပွန်းကို ထိုင်းနိုင်ငံက လုပ်ငန်းခွင်မှာချန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် အခုလိုအကျပ်အတည်းကာလမှာ ခင်ပွန်းရဲ့ပေးပို့ငွေကို ချွေတာစားရင်း သူနဲ့ကလေးနှစ်ဦး ရပ်တည်နေနိုင်တာလို့ဆိုပါတယ်။
“ ဟိုမှာနေတော့ ဒီမှာကျန်ခဲ့တဲ့မိသားစုတွေကို ထောက်ပံ့နိုင်တယ်ပေါ့နော်။ ဒီပြန်ရောက်ကတည်းက ကိုယ်အတွက် ဘာမှဝင်ငွေမရှိတော့ ချက်ချင်းခြားနားသွားတယ်ပေါ့။ ငွေရေး၊ ကြေးရေး ရှာဖွေနိုင်မှုနေရာမှာပေါ့” လို့ သူကပြောပြတယ်။
ထိုင်းမှာ လူခံမချန်ခဲ့ဘဲ မိသားစုလိုက်ပြန်လာကြတဲ့ သူတို့ဒေသက တခြားရွှေ့ပြောင်းမိသားစုတွေဆိုရင် ဒီမှာအလုပ်မရှိ၊ ဝင်ငွေမရှိနဲ့ ပိုမိုကျပ်တည်းကြရတယ်လို့ သူကရှင်းပြတယ်။
လပေါင်းများစွာဝင်ငွေမရှိဖြစ်၊ ရှာဖွေလာသမျှ စားလို့ကုန်သွားကြတဲ့အခါ တချို့မိသားစုတွေလည်း မှောင်ခိုပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထိုင်းဘက်ကိုပြန်ဝင်ကြတာရှိသလို တချို့လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားနေကြတာတွေရှိတယ်လို့ ရပ်ရွာ အခြေအနေကို မအေးအေးမော်က ရှင်းပြပါတယ်။
တိုးမြင့်လာမယ့်ရွှေ့ပြောင်း
ရွှေ့ပြောင်းအလုပ်သမားအရေးလေ့လာသူတွေကတော့ ကပ်ရောဂါဘေးအပြင် စစ်တပ်ကတစ်ကျော့ပြန်အာဏာသိမ်း လိုက်ပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုပါကြုံနေရတဲ့ဒီနိုင်ငံမှာ စီးပွားရေးကျဆင်း၊ အလုပ်အကိုင်ရှားနေတဲ့အတွက် စားဝတ်နေရေးဖြေရှင်းဖို့ နေရပ်စွန့်ခွာရွှေ့ပြောင်းအလုပ်လုပ်တာတွေ တိုးမြင့်လာဦးမယ်လို့ဆိုပါတယ်။
“ကိုယ့်နိုင်ငံမှာ၊ ကိုယ့်ရွာမှာ အခြေချတော့မယ်ဆိုပြီး ပြန်လာကြတာမဟုတ်ဘူး။ ခေတ္တခဏပြန်လာကြတဲ့ သဘော။ စုဆောင်းငွေကလည်း သိပ်ပါမလားဘူးဆိုတော့ ဘယ်လိုလုပ်ကြသလဲဆိုရင် ဒီရောဂါအတောအတွင်းမှာပဲ၊ ထိုင်းအာဏာပိုင်တွေက ပိတ်ပင်ထားတဲ့အတောအတွင်းမှာပဲ ခိုးပြီးတော့ပြန်သွားကြရတယ်” လို့ ရွှေ့ပြောင်းအလုပ်သမားတွေကိုအကူအညီပေးနေတဲ့ မွန်အမျိုးသမီးမဟာမိတ်အဖွဲ့ (Mon Women Coalition – MWC) က လူထုစည်းရုံးရေးမှူး မိအားချမ်းကပြောပြတယ်။
ကပ်ရောဂါဘေးကြောင့် တရားဝင်လမ်းကြောင်းတွေ ထိုင်းဘက်ကဖွင့်မပေးသေးတဲ့အခါ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ပွဲစားတွေကို ထိုင်းဘတ်ငွေ ၁၇,၀၀၀ ကနေ ၂၅,၀၀၀ ခန့်အထိ ( မြန်မာငွေ ကျပ် ၁၀ သိန်းကနေ ၁၄ သိန်းကြား) ပေးပြီး လုပ်ငန်းခွင်တွေကိုရောက်ဖို့ ကြိုးစားကြရတယ်လို့ သူကပြောပြတယ်။ ဒီလိုပွဲစားနဲ့ချိတ်ဆက်လို့ လုပ်ငန်းခွင်ရောက်သွားရင် အလုပ်ရှင်သူဌေးက အကာအကွယ်ပေးလို့နေလို့ရပေမယ့် လမ်းခရီးမှာတင်အဖမ်းခံထိလို့ကတော့ အပြစ်ပေး၊ အရေးယူခံရတယ်လို့ သူကပြောပြတယ်။
ဖမ်းခံထိသူတွေလည်းသောင်းချီရှိ
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ ဒီဇန်နဝါရီ တတိယအပတ်ထဲမှာတင် မှောင်ခိုလမ်းကနေ ထိုင်းကိုပို့မယ့်ရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော်ကို ရန်ကုန်မြို့မှာတွေ့ရှိခဲ့ကာ နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ဖော်ပြတယ်။ ဧရာဝတီ၊ မန္တလေး၊ နေပြည်တော်နဲ့ ပဲခူးအရှေ့ဘက်ခြမ်းဒေသတွေက ရွှေ့ပြောင်းအလုပ်သမားတွေလို့ဆိုတယ်။

ဓါတ်ပုံ – မော်ကွန်း (File photo)
တခြားလမ်းကြောင်းတွေလောက်ပဋိပက္ခမရှိသေးဘဲ ထိုင်းနိုင်ငံကိုဝင်နိုင်တဲ့ မှောင်ခိုလမ်းကြောင်းတစ်ခုဖြစ်တဲ့ ရန်ကုန်-မော်လမြိုင်-ထားဝယ်-ထီးခီး နယ်စပ်လမ်းကြောင်းကနေ ထိုင်းဘက်ကိုပို့ဖို့ လူပွဲစားတွေက ဒီအလုပ်သမားတွေကို ရန်ကုန် မှာစုထားတာလို့ဆိုတယ်။
ရွှေတိဂုံဘုရားအနီးက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လူ ၁၆၀ ကျော်နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက အဆောင်တစ်ခုမှာ လူ ၅၀ ကျော်ကို တွေ့ရှိခဲ့တာလို့ အဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြတယ်။
ဒီအလုပ်သမားတွေဆီက ကြိုတင်ငွေတွေနဲ့ နိုင်ငံကူးလက်မှတ်တွေကို မှောင်ခိုပွဲစားတွေကသိမ်းထားပြီး အခုအခါ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ဖမ်းဆီးရမိရေး လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
အလုပ်လိုအပ်နေသူတွေရဲ့ လိုအပ်ချက်ကိုသိတဲ့ပွဲစားတွေဟာ တရားဝင်လမ်းကြောင်းတွေမဖွင့်သေးသည့်တိုင် မြှူဆွယ်စည်းရုံး လူပို့ဖို့ကြိုးပမ်းနေတာကြောင့် အလုပ်သမားတွေအနေနဲ့ သတိထားဖို့လိုတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးလေ့လာသူတွေက ပြောကြတယ်။
ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ်သတင်းစာမှာ ဇန်နဝါရီ ၈ ရက်က ဖော်ပြချက်အရ ပြီးခဲ့တဲ့နှစ်မှာ သူတို့နိုင်ငံကို နယ်စပ် ဖြတ်ကျော် တရားမဝင်ဝင်ရောက်တဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၈၀,၀၀၀ နီးပါးကို ဖမ်းဆီးမိခဲ့တယ်လို့ဆိုပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာတွေမှာ ဖမ်းမိနှုန်းဟာဆိုရင် တစ်လကို လူပေါင်း ၁၀,၀၀၀ ကျော်အထိ နယ်စပ်မှာဖမ်းမိခဲ့တာလို့ ဖော်ပြပါတယ်။ အဖမ်းခံရသူအများစုက မြန်မာအလုပ်သမားတွေဖြစ်ပြီး ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံသားတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ခေတ်ပြန်ထလာတဲ့မှောင်ခိုလမ်းကြောင်း
ကိုဗစ်ကပ်ရောဂါဘေးရော နိုင်ငံရေးမတည်ငြိမ်မှုပေါင်းစုံပါ စုပြုံကျရောက်နေတဲ့နိုင်ငံအဖို့ အလုပ်အကိုင်လိုအပ်ချက် မြင့်မားနေတဲ့အခါ ရွှေ့ပြောင်းအလုပ်သမားအရေအတွက်ဟာ ရှိရင်းစွဲထက် ပိုတိုးလာဖို့သာရှိသလို မလုံခြုံတဲ့ ရွှေ့ပြောင်းသွားလာတာတွေကြောင့် ဒုက္ခရောက်ကြရသူတွေ ပိုများလာဖို့သာရှိတော့တယ်လို့ အလုပ်သမားအရေး အကူအညီပေးသူတွေက ခန့်မှန်းကြတယ်။
“ဒီလိုအဖမ်းခံထိလို့ ဘယ်ပွဲစားကမှ သူတို့ကိုပြန်ပြီး လျော်ကြေးမပေးဘူးလေ။ အဲဒီတော့ သူတို့ဘာမှလုပ်လို့မရဘူး။ ဆုံးရှုံးသွားတဲ့ငွေကြေးကို ပြန်တောင်းဖို့ကျတော့လည်း ဘယ်နေရာမှာသွားတောင်းမလဲ။ သူတို့သွားလာမှုက တရားမဝင်ဘူးလေ။ အဲဒါသည် အခုတလော ဖမ်းခံထိတဲ့အလုပ်သမားတိုင်း ကြုံနေရပြီဖြစ်တဲ့စိန်ခေါ်မှုပဲ” လို့ ရွှေ့ပြောင်း အလုပ်သမားတွေကိုကူညီနေတဲ့ မွန်အမျိုးသမီးမဟာမိတ်အဖွဲ့က ဆက်သွယ်ညှိနှိုင်းရေးမှူး နိုင်ဂျိကျွမ်းကပြောပြတယ်။
ဒီလိုအဖမ်းခံရတဲ့အခါ ထိုင်းအာဏာပိုင်တွေက တရားစွဲထောင်ချတာ၊ ငွေဒဏ်ရိုက်တာ၊ အမည်ပျက်စာရင်းသွင်းပြီး ထိုင်းနိုင်ငံကို ၁၀ နှစ်အတွင်း ပြန်လာခွင့်မရှိတဲ့ နယ်နှင်ဒဏ်ပေးတာ၊ နိုင်ငံကူးလက်မှတ်နဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းတာတွေလုပ်ကြတဲ့အတွက် အဖမ်းခံထိတဲ့အလုပ်သမားဟာ ထိုင်းမဟုတ်တဲ့တခြားနိုင်ငံကို ထပ်မံသွားဖို့တောင် အခက်အခဲဖြစ်သွားကြရတယ်လို့ သူကရှင်းပြတယ်။
အကျိုးပြုတဲ့လုပ်သားတွေ
အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာဆိုရင် ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားပြီးရင် မြန်မာနိုင်ငံဟာ ပြည်ပကို အလုပ်သမားတင်ပို့နေတဲ့ တတိယအများဆုံးနိုင်ငံတစ်ခုဖြစ်တယ်လို့ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration – IOM ) ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအစီရင်ခံစာ (၂၀၂၀) မှာ ဖော်ပြပါတယ်။
ငါးသန်းကျော်ရှိတဲ့ မြန်မာနိုင်ငံကရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တိုင်းပြည်အတွက်ရှာဖွေပေးတဲ့ငွေက နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ဲနဲ့ IOM တို့က ခန့်မှန်းထားတယ်လို့ ၂၀၂၁၊ စက်တင်ဘာမှာ ထုတ်ပြန်တဲ့ Transnational Institute (TNI) နဲ့ အခြားအဖွဲ့အစည်း ၁၂ ဖွဲ့ ပူးပေါင်းလေ့လာထားတဲ့ ‘မြန်မာနယ်စပ် ဖြတ်ကျော်ရွှေ့ပြောင်းအလုပ်သမားများနှင့် COVID-19 ကပ်ရောဂါ’ အစီရင်ခံစာမှာဖော်ပြထားတယ်။
လွှဲပို့ငွေပမာဏကို အတိအကျစာရင်းကောက်ယူလို့မရနိုင်ပေမယ့် နိုင်ငံပေါင်းစုံရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေက အနည်းဆုံး အမေရိကန်ဒေါ်လာသုံးဘီလီယံခန့်ကနေ ရှစ်ဘီလီယံကြားအထိ နှစ်စဉ်ရှာဖွေပေးနေတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ IOM တို့က ခန့်မှန်းထားကြောင်း အဲဒီသုတေသနအစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားသုံးသန်းကျော်က ထိုင်းနိုင်ငံမှာရောက်ရှိအလုပ်လုပ်နေကြတယ်လို့ ခန့်မှန်းကြပြီး ကျန်အလုပ်သမားတွေကတော့ မလေးရှားအပါအဝင် နိုင်ငံပေါင်းစုံမှာ သွားရောက်အလုပ်လုပ်နေကြတယ်လို့ အလုပ်သမား အရေးလေ့လာတဲ့အဖွဲ့အစည်းတွေက ခန့်မှန်းထားကြတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထွန်းသစ်စရွှေ့ပြောင်းလုပ်ငန်းခွင်တစ်ခုဖြစ်လာတဲ့ တရုတ်နိုင်ငံထဲမှာတင် အလုပ်သမားငါးသိန်းလောက်အထိ ရောက်ရှိနေကြပြီး အများစုက မြန်မာနဲ့နယ်ချင်းစပ်နေတဲ့ ယူနန်ပြည်နယ်က ကြံစိုက် ခင်းတွေမှာ အလုပ်လုပ်ကြတာလို့ TNI ရဲ့ အထက်ပါ အစီရင်ခံစာမှာဖော်ပြတယ်။
ငွေဈေးကျတော့ ပိုသွားကြမပေါ့
ဒီအလုပ်သမားတွေအတွက်တော့ ကောင်းမွန်တဲ့ပံ့ပိုးကာကွယ်မှု၊ ထောက်ပံ့ကူညီမှုတွေမရှိသေးတဲ့အပြင် အခုဆို နိုင်ငံရေးမတည်ငြိမ်မှုရဲ့ဂယက်က စီးပွားရေးကိုပိုမိုချွတ်ခြုံကျလာစေတာကြောင့် ပိုတောင်ဆိုးရွားလာဖို့ရှိတယ်လို့ အလုပ်သမားအရေးအကူအညီပေးသူတွေက သုံးသပ်ကြတယ်။
“ ကပ်ရောဂါတွေလည်းဖြစ်၊ နိုင်ငံရေးကလည်း မတည်ငြိမ်တဲ့ပြည်တွင်းအခြေအနေကြောင့် ရွှေ့ပြောင်းအလုပ် လုပ်တဲ့ကိစ္စကတော့ ပိုလို့တောင်ထပ်မြင့်လာဦးမယ်လို့ထင်ပါတယ်။ အခုဆိုရင် ငွေဈေးကိုပဲကြည့်လိုက်လေ။ ထိုင်းဘတ်နဲ့ယှဉ်ရင် အရင်ကထက် မြန်မာငွေတန်ဖိုးက အတော်လေးထိုးကျသွားပြီလေ။ မြန်မာငွေတန်ဖိုးကျတော့ လုပ်ခလစာတွေကလည်း အများကြီးကွာသွားတာပေါ့” လို့ နိုင်ဂျိကျွမ်းက သုံးသပ်ပါတယ်။
ထိုင်းဘတ်ငွေနဲ့မြန်မာကျပ်ငွေကွာဟမှုကို လေ့လာကြည့်တဲ့အခါ စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီလအတွင်းမှာ ထိုင်းငွေတစ်ဘတ်ကို မြန်မာငွေ ၄၄ ကျပ်ကျော်ရှိခဲ့ပြီး ဖေဖော်ဝါရီမှာအာဏာသိမ်းတဲ့နောက်ပိုင်း တရှိန်ထိုးတက်လာခဲ့ကာ အောက်တိုဘာမှာ အမြင့်ဆုံး ကျပ် ၆၀ ဝန်းကျင်အထိ ရောက်ရှိခဲ့တာကို တွေ့ရပါတယ်။ ဒီနှစ် ဇန်နဝါရီမှာတော့ ၅၄ ကျပ် ဝန်းကျင်မှာ ရှိနေသေးပြီး ကုန်ခဲ့တဲ့နှစ် ကာလတူအချိန်ထက်စာရင် မြန်မာငွေတန်ဖိုးက ၁၀ ကျပ် လောက် တန်ဖိုး ထပ်မံကျဆင်းသွားပါပြီ။
သူတို့ မွန်ပြည်နယ်သားအများစုဆိုရင် ထိုင်းနိုင်ငံမှာ ပိုများတဲ့ဝင်ငွေနဲ့ အလုပ်လုပ်ဖူးတဲ့အတွေ့အကြုံရှိနေတော့ လုပ်အားခနည်းပြီး အလုပ်ရှားလွန်းတဲ့ကိုယ့်ပြည်နယ်အတွင်းမှာ ရှာဖွေစားသောက်ဖို့အားမသန်ကြတော့ဘဲ လုပ်အားခပိုရတဲ့ “ ထိုင်းနိုင်ငံကို ဒီအတိုင်းပဲဆက်သွားနေကြဦးမှပဲ ” လို့ နိုင်ဂျိကျွမ်းက သုံးသပ်ပါတယ်။
ရွှေ့ပြောင်းများတာ မွန်ပြည်နယ်မှာ
မအေးအေးမော်နေထိုင်တဲ့ မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ပြည်ပရွှေ့ပြောင်းအလုပ်သမားအများဆုံးရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအချက်အလက်တွေအရ မွန်ပြည်နယ်သား ၄၂၀,၀၀၀ ကျော်ဟာ ပြည်ပထွက် အလုပ်လုပ်နေကြပါတယ်။ ဒီအထဲက ၃၈၀,၀၀၀ လောက်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတာလို့ ဖော်ပြပါတယ်။
ဒါပေမဲ့ မှတ်တမ်းမတင်နိုင်သေးတဲ့ အလုပ်သမားတွေပါပေါင်းရင် ထိုင်းနိုင်ငံမှာရောက်နေတဲ့ မွန်ပြည်နယ်သား အလုပ်သမား အရေအတွက်က တစ်သန်းဝန်းကျင်ရှိတယ်လို့ မွန်နိုင်ငံရေးသမားတချို့နဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီသူတွေက ခန့်မှန်းကြတယ်။
မွန်ပြည်နယ်ပြီးရင် ဒုတိယအများဆုံး ရွှေ့ပြောင်းအလုပ်သမားရှိတာက နယ်ချင်းဆက်နေတဲ့ ကရင်ပြည်နယ်ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တနင်္သာရီ၊ မကွေး၊ ဧရာဝတီ စသဖြင့် တခြားပြည်နယ်တိုင်းတွေ အကုန်လုံးမှာလည်း ပြည်ပထွက်ခွာ ရွှေ့ပြောင်း အလုပ်လုပ်ကြသူတွေ ရှိပါတယ်။
မွန်ပြည်နယ်မှာဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့လုပ်အားကြောင့် ပြည်နယ်ရဲ့ဆင်းရဲမွဲတေမှုနှုန်းကို လျှော့ချပေးထားနိုင်ပြီး ဒီအလုပ်သမားတွေရဲ့ပေးပို့ငွေက ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုကိုတောင်ဖြစ်စေတယ်လို့ မွန်နိုင်ငံရေး သမားတချို့က သုံးသပ်ကြတယ်။
မွန်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဒေါက်တာအောင်နိုင်ဦးရဲ့အဆိုအရ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုရဲ့အများစုက ထိုင်းနိုင်ငံနဲ့ဆက်စပ်နေတာလို့ ခန့်မှန်းပြောပါတယ်။
ထိုင်းဘက်မှာရှာလို့ရသမျှဝင်ငွေကို ရပ်ရွာကိုပြန်ပို့ကြရင်း “အိမ်တွေ၊ ကျေးရွာရဲ့ လမ်းတွေ၊ အခြေခံ အဆောက်အအုံတွေ တိုးတက်လာတယ်လို့ပြောရမှာပေါ့” လို့ ဒေါက်တာအောင်နိုင်ဦးကဆိုတယ်။
ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ မွန်ပြည်နယ်ရဲ့ရွှေ့ပြောင်းအလုပ်သမားရေစီးက ၁၉၉၀ ဝန်းကျင်ကာလ စစ်တပ်အာဏာသိမ်းပြီးကတည်းက တစ်ဟုန်ထိုးမြင့်တက်လာတာလို့ မွန်နိုင်ငံရေးသမားတချို့နဲ့ လေ့လာသူတွေက ဆိုပါတယ်။
“၁၉၈၈ နောက်ပိုင်းမှာ ကျွန်တော်တို့ဗမာငွေလည်းကျတယ်။ ကျပ်ငွေတန်ဖိုးကျ၊ ဘတ်ငွေတန်ဖိုးကလည်း တက်နေတဲ့ အခါကျတော့၊ ဒီမှာတစ်နေ့လုပ်ရတဲ့လုပ်ခလစာထက် တဖက်နိုင်ငံမှာသွားပြီး လုပ်လို့ရတဲ့လုပ်ခလစာက ပိုပြီးတော့ရနေတာပေါ့။ တစ်နည်းအားဖြင့်ပြောရရင် ဟိုမှာတစ်ရက်လုပ်ရင် ကိုယ့်ဆီကငါးရက်တစ်ပတ်စာလောက်ရှိတဲ့ အခါကျတော့၊ အဲဒီကစတာပဲ” လို့ မွန်ပြည်နယ်က ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းဘက်ကို အလုံးအရင်းစီးဆင်းသွားပုံကို ဒေါက်တာအောင်နိုင်ဦးက ရှင်းပြတယ်။
ပညာရေးပိုင်းနိမ့်ပါးတာတွေရှိ
ပြည်နယ်အတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားများပြားတာက ချွတ်ခြုံကျနေတဲ့တိုင်းပြည်အတွက် ထွက်လမ်းတစ်ခုလို ဖြစ်ပေမယ့် ရေရှည်ကြုံရမယ့် လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးမှုပြဿနာတွေလည်းရှိပြန်တယ်လို့ မွန်နိုင်ငံရေးသမားတချို့နဲ့ လေ့လာသူတွေက ပြောကြတယ်။
စိန်ခေါ်နေတဲ့ အကြောင်းအရာများစွာအနက် ပြဿနာတစ်ခုက ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေကြား ပညာရေးနိမ့်ပါးသွားတဲ့ကိစ္စလို့ သူတို့ကဆိုပါတယ်။
“ယိုးဒယားကိုအလုပ်သွားလုပ်ကြတဲ့ အရွယ်တွေက ၁၄၊ ၁၅ နှစ်တွေများတော့ ဘာပဲပြောပြော ပညာရေးပိုင်းမှာထိခိုက်သွားတာပေါ့။ အဲဒီတော့ အနာဂတ် မွန်မျိုးဆက်ပိုင်းဆိုင်ရာမှာ ဒီကတစ်ဆင့် ဆက်စပ်ပြီးတော့ ထိခိုက်တာတွေကတော့အများကြီးပေါ့” လို့ မွန်ညီညွတ်ရေး ပါတီ (Mon Unity Party – MUP) ရဲ့ တွဲဖက်အတွင်းရေးမှူးတစ်ဦးဖြစ်သူ နိုင်တလညီက ပြောပြတယ်။
ဒေါက်တာအောင်နိုင်ဦးကတော့ သူတို့မွန်လူ့အဖွဲ့အစည်းထဲမှာဆိုရင် ”ကျောင်းနေချင်နေမယ်၊ မနေချင်မနေဘူး။ မိဘတွေတုန်းကလည်း ကျောင်းမနေရလို့ဘာမှမဖြစ်ဘူး။ အချိန်တန်ရင်နိုင်ငံခြားရောက်မယ်၊ အလုပ်လုပ်မယ်။ ဒီအတွေးအခေါ် တွေဟာ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းထဲကို ဝင်လာတယ်” လို့ ဆိုပါတယ်။
“ကျွန်တော်တို့နိုင်ငံကလည်း လုပ်သားရှားပါးမှု၊ အလုပ်ကိုင်ရှားပါးမှုကို ဖြေရှင်းနိုင်တဲ့ဟာကလည်း ရှိမနေပြန်ဘူး” လို့ လည်းသူက ဆိုတယ်။
သူတို့ဒေသမှာ မျိုးဆက်နဲ့ချီ ရွှေ့ပြောင်းအလုပ်သမားသံသရာလည်နေတာက ပညာရေးပိုင်း အားနည်းတာတွေကြောင့်လည်းပါပေမယ့် စားဝတ်နေရေးဦးစားပေးနေကြရတာဆိုတော့ ပညာတတ်အောင် သင်ကြပါလို့ လူထုကိုစည်းရုံးရတာလည်း မလွယ်ပြန်ဘူးလို့ ဒေါက်တာအောင်နိုင်ဦးက ဆိုတယ်။
“ တချို့ဆို ဘွဲ့ရပြီးတာတောင် ပန်းကန်ဆေးနေရတဲ့သူတွေ အများကြီးရှိတယ်။ ဘွဲ့ရပြီးတော့ ဘာထူးမှာလဲလို့ သူတို့ ပြောတာကလည်း ကိုယ်ကပြန်ငြင်းဖို့ ငြင်းရခက်နေတဲ့ဟာမျိုးတွေရှိတယ်။ ဒါကြောင့်မို့ တချို့ဟာတွေလည်း ပညာတတ်အောင်သင်ကြပါ၊ ကြိုးစားကြပါဆိုတာ ကျွန်တော်တို့ပြောဖို့က သူတို့ရဲ့ဖြစ်နေတဲ့အနေအထားနဲ့က ပြောရတာတော်တော်ခက်နေတယ်” လို့ သူကပြောပြတယ်။
မအေးအေးမော်ဆိုရင်လည်း အသက် ၁၅ နှစ်ဝန်းကျင်၊ ၉ တန်းဖြေပြီးကတည်းက ထိုင်းနိုင်ငံဘက်ကို ရွှေ့ပြောင်းအလုပ် သမားအဖြစ် ရောက်ရှိခဲ့ရပါတယ်။ အဲဒါကြောင့် ၁၂ နှစ်နဲ့ သုံးနှစ်အရွယ် သူ့ရင်သွေးတွေကိုတော့ သူ့တုန်းကလိုမဖြစ်ရအောင် ပညာရေးဆုံးခန်းတိုင်အောင်သင်ကြားပေးဖို့ ရည်ရွယ်ထားတယ်လို့ ပြောပြတယ်။
“သူတို့ကိုလည်း ပညာရေးပြီးဆုံးအောင်ထားပေးချင်တယ်လေ။ ဒါပေမဲ့ ကိုယ်ကဟိုမှာအမြဲတမ်းနေပြီး အလုပ်လုပ်နေရင်လည်း သူတို့ကအစ်မနောက်လိုက်လာဦးမှာပဲ။ အဲဒါကြောင့် အခု အစ်မကပြန်လာခဲ့ပြီးတော့ ဒီမှာဘာအလုပ်များလုပ်မလဲလို့ ကြည့်ကြည့်နေတာပေါ့။ ဟိုဘက်ကိုလည်း အမြဲဝင်ပြီးမလုပ်ချင်ဘူးလေ။ ဒီမှာကျတော့လည်း စီးပွားရေးတစ်ခုခုဖြစ်လာဖို့ကလည်း မလွယ်ပြန်ဘူး” လို့ မအေးအေးမော်က ပြောတယ်။
သူ့အသက်ကလည်း ၄၀ ဝန်းကျင်ပဲရှိသေးတာကြောင့် အခြေအနေတွေပြန်ကောင်းလာပြီး လမ်းကြောင်းတွေ ပြန်ပွင့်လာရင်တော့ သားသမီးတွေပညာရေးအတွက် ထိုင်းဘက်ကိုတစ်ခေါက်ပြန်ဝင်ပြီး အလုပ်လုပ်ချင်သေးတယ်လို့ မအေးအေးမော်က ပြောပါတယ်။

ပုံစာ – ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ထိုင်းနိုင်ငံမှပြန်လာသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ COVID – 19 စစ်ဆေးရန်စောင့်ဆိုင်းနေစဉ်
ဓါတ်ပုံ – မော်ကွန်း (File photo)
“ဒီမှာလုပ်ရင်လည်း တစ်လမှတစ်သိန်းခွဲလောက်ပဲရတာ။ တစ်သိန်းခွဲဆိုတာကလည်း ကလေးနို့မှုန့်ဖိုးတောင် မရှိပါဘူး။ ဟိုမှာ အမျိုးသားနေခဲ့လို့ပေါ့။ အမျိုးသားသာမနေခဲ့ရင် ဒီမှာသာဆို ဘာစားရမှန်းကိုမသိဘူး။ ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး” လို့ လက်ရှိကြုံနေရတဲ့အခြေအနေကို သူကညည်းညူတယ်။
ရွှေ့ပြောင်းတွေကို ပံ့ပိုးဖို့လို
အလုပ်အကိုင်ရှားပါးမှုကြောင့် ရှေ့ဆက်ပိုတိုးလာဖို့သာရှိနေတဲ့ ရွှေ့ပြောင်းသွားလာအလုပ်လုပ်သူတွေအတွက် ပိုမိုလုံခြုံတဲ့ဝန်းကျင်တွေဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းပေးသင့်တယ်လို့ မွန်နိုင်ငံရေးသမားတချို့နဲ့ လေ့လာသူတွေက အကြံပြုကြတယ်။
နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းတာ၊ စာရွက်စာတမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေအဆင့်ဆင့်ခံပြီး ရှုပ်ထွေးလွန်းနေတာတွေကို ဖြေလျှော့တာနဲ့ ရွှေ့ပြောင်းသွားလာသူတိုင်းတရားဝင်ဖြစ်ပြီး လုံခြုံအောင်စီစဉ်ပေးဖို့လိုတယ်လို့ဆိုကြတယ်။
ကုန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အရပ်သားအစိုးရတွေအုပ်ချုပ်စဉ်မှာ ဒီလိုရှုပ်ထွေး၊များပြားလွန်းတဲ့ ရွှေ့ပြောင်းသွားလာမှု လုပ်ငန်းစဉ်တွေကိုလျှော့ချဖို့ အစိုးရအဖွဲ့အစည်းတွေ၊ လွှတ်တော်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကြိုးပမ်းခဲ့ကြတာ ရှိပေမယ့် အခုတော့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ လုပ်ငန်းစဉ်တွေလည်း ရပ်တန့်သလိုဖြစ်နေတယ်လို့ ရွှေ့ပြောင်းအလုပ် သမားအရေးကူညီပေးနေသူတွေက ပြောကြတယ်။
“ တည့်တည့်ပြောရရင် အစိုးရကသာတရားဝင်သွားကြပါ၊ တရားဝင်သွားကြပါပြောနေတာ။ တကယ့်လက်တွေ့မှာ လုပ်ကြရတဲ့ ဗီဇာတွေ၊ အေဂျင်စီတွေ၊ ဇယားတွေက အများကြီးဖြတ်သန်းရတယ်။ ထားပါတော့ တရားဝင်ပဲသွားပါပြီ၊ ဟိုဘက်ရောက်ရင် သူ့မှာလည်းတရားဝင်မှတ်တမ်းမှတ်ရာတွေနဲ့၊ သူ့နိုင်ငံကိုပြန်ပေးသွင်းရမယ့် အခွန်အကောက်တွေကလည်း ရှိနေပြန်တယ်။ ဒါနဲ့တင်မပြီးသေးဘူး။ ဒီကိုပြန်လာရင်လည်း ဟိုမှာရှာလို့ရလာသမျှကို ကိုယ့်နိုင်ငံရဲ့အခွန်အကောက်အတွက် ပြန်ပေးရပြန်တယ်။ အဲဒီတော့ တရားဝင်လမ်းကြောင်းနဲ့သွားပါရဲ့၊ ဒါပေမဲ့ ပြန်လည်တွက်ချက်လိုက်တော့ ကိုယ့်လုပ်အားခက ဘာမှမကျန်တော့သလိုဖြစ်နေတယ်လေ” လို့ ဒေါက်တာ အောင်နိုင်ဦးကရှင်းပြတယ်။
ဒီလိုအခြေအနေတွေက တရားမဝင်လမ်းကြောင်းတွေကို ရွှေ့ပြောင်းအလုပ်သမားတွေ အသုံးပြုစေဖို့ တွန်းပို့နေသလို ဖြစ်နေတာလို့ သူကအခုလိုဆိုပါတယ်။
“အလုပ်သမားက without (အထောက်အထားမလုပ်ဘဲ) သွားမယ်ဆိုတဲ့စိတ်က များနေလေလေ၊ ပွဲစားတွေကလည်း ဆွဲဆောင်ဖို့အခွင့်အရေး ရလေလေပေါ့။ အခုလိုကာလဆိုရင် ပိုဆွဲဆောင်နေစေတာပေါ့။ ကပ်ရောဂါကြောင့် နိုင်ငံဖြတ်ကျော် Procedure (လုပ်ငန်းစဉ်) တွေများလာ၊ ပိုခက်လာသလို၊ နိုင်ငံရေးကပါ အခြေအနေမကောင်းတော့ without က ပိုဆွဲဆောင် နိုင်လာတာပေါ့ ”
ရွေးချယ်စရာနည်းပါးဆဲဘဝများ
တရားဝင်စာရွက်စာတမ်းအပြည့်အစုံရှိနေတဲ့အတွက် အခြေအနေပေးရင်တော့ ရင်သွေးတွေရဲ့အနာဂတ်အရေးအတွက် ထိုင်းနိုင်ငံကလုပ်ငန်းခွင်ကို တစ်ခေါက်လောက်တော့ ပြန်လည်ဝင်ရောက်ချင်သေးတယ်လို့ မအေးအေးမော်က ဆိုတယ်။
သူသွားဖြစ်ရင်တော့ တရားဝင်လမ်းကြောင်းကသာသွားမှာဖြစ်ပြီး သူတို့လို ထိုင်းမှာအနေကြာခဲ့သူတွေအတွက် ဘာသာ စကား အခက်အခဲမရှိတာကြောင့် ပွဲစားတွေကိုလည်း အားကိုးစရာမလိုဘူးလို့ မအေးအေးမော်က ရှင်းပြတယ်။
ဆယ်စုနှစ်နဲ့ချီ ရွှေ့ပြောင်းအလုပ်သမားအဖြစ်အသက်မွေးခဲ့ပြီး မိသားစုဘဝတွေပါတည်ထောင်ခဲ့သည့်တိုင် ထိုင်းနိုင်ငံက လုပ်ငန်းခွင်တွေက သူ့အတွက်တော့ ပျော်စရာမကောင်းဘူးလို့ မအေးအေးမော်ကပြောပြတယ်။ ကိုယ့်ရပ်၊ ကိုယ်ဒေသမှာပဲ မိသားစုနဲ့အတူ ရှာဖွေရပ်တည်နေထိုင်ချင်ပေမယ့် သူတို့လိုရွှေ့ပြောင်းအလုပ်သမား မိသားစုတွေအတွက် အလုပ်အကိုင်က ကိုယ့်ပြည်တွင်းမှာအရမ်းရှားတယ်လို့ မအေးအေးမော်ကညည်းညူပါတယ်။
“သူများနိုင်ငံမှာနေပါများတော့လည်း ငြီးငွေ့တာပေါ့။ မနေချင်ဘူးပေါ့။ ကိုယ်နိုင်ငံမှာကျတော့လည်း အခုဆိုရင် တစ်နှစ် လောက်နေပြီး အခြေအနေကြည့်တဲ့အခါ အခြေအနေကမကောင်းပြန်ဘူး။ ဒီတော့ (ထိုင်းကို) ပြန်ဝင်ရပြန်ရော။ ဒီမှာက အလုပ်မှမရှိတာ။ ဒီမှာသာအလုပ်ရှိမယ်ဆိုရင် သူများနိုင်ငံ ဘယ်သူကသွားချင်မှာလဲ”
#Feature

