မန္တလေး – ၂၀၂၂ ဇန်နဝါရီ ၄ (မော်ကွန်း)
မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းမှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၈:၀၀ နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်း လမ်း ၄၀ နဲ့ ၄၁ လမ်းကြား၊ သင်္ဂဇာချောင်းအနီးမှာ တည်ရှိတဲ့ မဟာအောင်မြေကျောက်ဝိုင်းအတွင်း တာမခံ Aအဆောင်နဲ့ လုံးခင်း Aအဆောင်ကြား ကျောက်ဖြတ်ခုံဘက်မှာ ဖြစ်ပွါးခဲ့ကြောင်း မြို့ခံက ပြောပါတယ်။
ကျောက်ဝိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတာမျိုး မရှိတဲ့အတွက် သေဆုံးသူမှာ အရပ်သားတစ်ဦးဖြစ်နိုင်ကြောင်း မြို့ခံတချို့က ပြောပါတယ်။
“မြေကြီးတောင်တုန်သွားတယ်။ သေတဲ့သူက သန့်ရှင်းရေးဝန်ထမ်းလို့လည်းပြောတယ်။ ပွဲစားလို့လည်းကြားတယ်။ ပေါက်ကွဲမှုက အတော်ဝေးဝေးကကို ကြားရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ကျောက်ဝိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်နဲ့ စစ်ကောင်စီဝါဒဖြန့်မီဒီယာဘက်ကပါ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ရက် မနက်ပိုင်းကလည်း ကျောက်ဝိုင်းထဲမှာ ဗုံးနှစ်လုံးဆင့် ပေါက်ကွဲခဲ့ပါသေးတယ်။
မဟာအောင်မြေကျောက်ဝိုင်းကို ကိုဗစ်ကာလ ၂၀၂၀ မတ်လကစပြီး ပိတ်သိမ်းထားခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်ထဲမှာ စစ်ကောင်စီက ပြန်ဖွင့်စေခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ ကျောက်ဝိုင်းကနေတဆင့် အခွန်အခတွေ စစ်ကောင်စီထံမစီးဆင်းစေဖို့ အရောင်းအဝယ်သွားမလုပ်ကြဖို့ တားမြစ်သတိပေးခဲ့ကြပြီး မကြာခဏလည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကတော့ ၈၄လမ်းပေါ်က ကျောက်မျက်ကုမ္ပဏီဝင်းထဲမှာ အရောင်းအဝယ်လုပ်နေကြတဲ့ နေရာအပါအဝင် နှစ်နေရာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး ကျောက်သမား လေးရာခန့်ကိုဖမ်းဆီးခဲ့ကြောင်း မြို့ခံတွေကပြောပါတယ်။
#Dailynews

