မုံရွာ-၂၀၂၁ဒီဇင်ဘာ၆(မော်ကွန်း)
မုံရွာမြို့၊ဘုန်းစိုးရပ်ကွက် ဘုန်းစိုးလမ်းထဲမှာ ဒီနေ့မနက် ၁၀:၀၀ နာရီဝန်းကျင်က အမျိုးသားငါးဦးဆိုင်ကယ်နှစ်စီးနဲ့မောင်းနှင်လာချိန် စစ်ကောင်စီတပ်တွေက သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် လေးဦးဖမ်းခံရပြီးတစ်ဦးလွတ်မြောက်သွားတယ်လို့ မုံရွာဒေသခံတစ်ဦးကပြောပါတယ်။
“သူတို့ကလမ်းမပေါ်မဟုတ်ဘူး။ရပ်ကွက်လမ်းထဲမှာစီးလာကြတာ။ နှစ်ယောက်တစ်စီးသုံးယောက်တစ်စီး။အဲ့အချိန်စစ်ကားနဲ့တိုးတာ လိုက်ပစ်တော့လေးယောက်ဖမ်းခံလိုက်ရတယ်။တစ်ယောက်တော့လွတ်သွားတယ်”လို့ ၎င်းဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးအမျိုးသားငါးဦးရဲ့ ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ လက်ရှိအချိန်ထိမသိရသေးပါဘူး။
အာဏာသိမ်းစစ်ကောင်စီက မုံရွာမြို့မှာ အမျိုးသားနှစ်ဦးဆိုင်ကယ်မစီးရလို့ထုတ်ပြန်ထားပြီး ပြီးခဲ့တဲ့ဒီဇင်ဘာ ၂ ရက်ကလည်း အလုပ်ကအပြန် ဆိုင်ကယ်နှစ်ယောက်ပိုးစီးလာတဲ့ အမျိုးသားနှစ်ဦးကို ပစ်ခတ်ခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးလွတ်မြောက်ခဲ့ပါတယ်။
#Dailynews

