မန္တလေး – ၂၀၂၁ အောက်တိုဘာ ၁၈ (မော်ကွန်း)
မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြတဲ့ စုပေါင်းသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက ကားနဲ့တိုက်ကာ ပစ်ခတ်ဖြိုခွင်းပြီး လူငယ်တွေကို ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံတွေဆီက သတင်းရရှိပါတယ်။
ဒီကနေ့ မနက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၉လမ်း၊ ၃၇လမ်းနှင့် ၃၈ လမ်းကြားမှာ စစ်ကောင်စီက ကားနဲ့တိုက် ဖမ်းဆီးခဲ့ရာ လူငယ် (၁၀)ဦးခန့် ဖမ်းဆီးခံရပြီး (၂၀)ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
” ခါတိုင်းဖြိုခံရတာထက်ကို ဆိုးတယ်ဗျာ။ သပိတ်အစ ၆၉ လမ်းမကြီး အထွက်မှာ ပုံရိုက်နေတဲ့အချိန် ကားနဲ့တိုက် သေနတ်နဲ့ပစ်ပီး ဖမ်းတာ”လို့ လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
အခင်းဖြစ်ရာနေရာဝန်းကျင်မှာ ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ မန္တလေးမြို့တွင်းမှာ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့စဥ် ရတဲ့နည်းနဲ့ဆန္ဒပြနေကြပါတယ်။
#Dailynews

