ရမ်းဗြဲကို AA သိမ်းပိုက်နိုင်တာဟာ ပြည်နယ်တောင်ပိုင်းကိုပါထိုးစစ်ဆင်ဖို့ မဟာဗျူဟာကျထိန်းချုပ်နိုင်ခြင်းဖြစ်

ရန်ကုန် – ၂၀၂၄ မတ် ၁၂ (မော်ကွန်း) 

ရမ်းဗြဲမြို့ကို AA က သိမ်းပိုက်လိုက်တာဟာ ကျောက်ဖြူအပါအဝင် တောင်ပိုင်းတစ်ခုလုံးကို ထိုးစစ်ဆင်ဖို့အတွက် မဟာဗျူဟာကျတဲ့လမ်းကြောင်းကို ထိန်းချုပ်နိုင်တာဖြစ်တယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

ရမ်းဗြဲမြို့ပေါ်က နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တစ်ယောက်မကျန် ရှင်းလင်းနိုင်ခဲ့ပြီး မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မနေ့က ရက်စွဲနဲ့ AA သတင်းနှင့် ပြန်ကြားရေးဌာနက မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

“ဒီရမ်းဗြဲမြို့က တောင်ပိုင်းအတွက် ပထမဦးဆုံး မြို့ဆိုပေမယ့် အဲဒီမြို့က တောင်ပိုင်းတစ်ခုလုံးကို တိုက်စစ်ဆင်မယ့် AA ရဲ့ ပထမဦးဆုံးမြို့လို့ ပြောလို့ရတယ်၊ ကျောက်ဖြူအပါအဝင် တောင်ပိုင်းမြို့တွေကို သိမ်းဖို့အတွက် ရမ်းဗြဲမြို့ဟာ ULA/AA အတွက် တော်တော့်ကို အရေးပါတဲ့ မြို့လို့ ပြောလို့ရပါတယ်” လို့ ဦးဖေသန်းက မော်ကွန်းကိုပြောပါတယ်။

AA ဟာ ရမ်းဗြဲမြို့ပေါ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းမှာ စတင်တပ်ဖြန့်လာပြီး သုံးလနီးပါး မြို့တွင်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ပြီးနောက် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

လက်ရှိမှာ ရမ်းဗြဲမြို့ပေါ်ကနေ ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးလျက်ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) ကတော့ ထုတ်ပြန်ထားပါတယ်။

AA ဟာ ရမ်းဗြဲကို သိမ်းလိုက်နိုင်တာကြောင့် စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်ရှိရာ ကျောက်ဖြူကို ကုန်းလမ်းထွက်ပေါက်ပိတ်လိုက်နိုင်တဲ့အပြင် တောင်ပိုင်းက အဝေးပြေးလမ်းမဖြစ်တဲ့ ဂွ-သံတွဲ-တောင်ကုတ် ကားလမ်းပေါ်ထိ ထိန်းချုပ်လာနိုင်တော့မှာဖြစ်တယ်လို့ ဦးဖေသန်းက ပြောပါတယ်။

“ရမ်းဗြဲမြို့ကျသွားတာနဲ့ ကျောက်ဖြူကို ဝိုင်းပြီးပိတ်ဆို့ထားတဲ့ အနေအထားဖြစ်သွားတယ်။ ကုန်းလမ်းကြောင်းမရှိတော့ဘူး။ ကျောက်ဖြူကို လုံးဝဖြတ်လိုက်တာဖြစ်တယ်။ သံတွဲ၊ ဂွ၊ တောင်ကုတ် လမ်းကိုလည်း ရောက်လာတာဖြစ်တယ်။ AA တပ်တွေလည်း တောင်ပိုင်းကို လှုပ်လှုပ်ရှားရှားဖြစ်လာတာပေါ့” လို့ ၎င်းက ပြောပါတယ်။

ကျောက်ဖြူမှာ စစ်ကောင်စီရဲ့ ရေတပ်ဌာနချုပ်နဲ့ တပ်ရင်းသုံးရင်း အခြေစိုက်ထားပြီး တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းရှိရာမြို့လည်း ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစတင်ကာ ရခိုင်ဒေသက စစ်ကောင်စီစခန်းတွေကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုးစစ်ကာလ သုံးလကျော်ကာလအတွင်းမှာ ပလက်ဝဒေသအပါအဝင်၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ အစရှိတဲ့ မြို့နယ်တွေကို သိမ်းပိုက်ထားနိုင်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့အပါအဝင် AA သိမ်းဖို့ ကျန်ရှိနေသေးတဲ့ ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စတဲ့ မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ရမ်းဗြဲကျွန်းဟာ မြန်မာ့ကမ်းရိုးတစ်လျှောက်မှာရှိတဲ့ ကျွန်းတွေထဲမှာ အကြီးဆုံးကျွန်းတစ်ခုဖြစ်ပြီး ရမ်းဗြဲမြို့ဟာ ကျွန်းပေါ်က လူဦးရေအများဆုံးနေထိုင်တဲ့ မြို့တစ်ခုဖြစ်ကာ ကျောက်ဖြူကတော ခရိုင်မြို့ဖြစ်ပါတယ်။

ရမ်းဗြဲကျွန်းဟာ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာနေရာဖြစ်သလို တရုတ်နိုင်ငံရဲ့ စီးပွားရေးကို ဖြန့်ကျက်မယ့် ခေတ်သစ်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative) မှာ ပါဝင်နေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းရှိတဲ့ဒေသလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေ ပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာ စတင်ခဲ့တဲ့ “၁၀၂၇” စစ်ဆင်ရေးကာလနဲ့အတူ ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ဒေသက စစ်ကောင်စီစခန်းတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

ရှမ်းမြောက်ဒေသမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေအကြား ပြီးခဲ့တဲ့လပိုင်းမှာ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာတော့ လက်ရှိအချိန်ထိ ထိုးစစ်အရှိန်လျှော့ချသွားတာ မရှိသေးပါဘူး။

ရက္ခိုင့်တပ်တော် (AA) ကတော့ ရခိုင်ပြည်နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ထိုးစစ်ဆင်သွားမယ်လို့ ပြီးခဲ့တဲ့ AA ရဲ့ ခုနစ်ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ပုံစာ – စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းပေါ်မှာ တွေ့ရတဲ့ AA တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ – AA Info Desk

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."