ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၃၁ (မော်ကွန်း)
မနက်ဖြန်ကျရောက်မယ့် ဖေဖော်ဝါရီ ၁ ရက် နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် အသံတိတ်သပိတ်နဲ့ အဖြူရောင်လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းစစ်ကောင်စီနဲ့ နီးစပ်သူတွေနဲ့ ရပ်ကွက်ရုံးစာရေးတချို့က မော်ကွန်းကိုပြောပါတယ်။
“ရပ်ကွက်ရုံးတွေကိုမှာထားတာ၊ သပိတ်မှာပါတဲ့ဆိုင်တွေ၊ ပိတ်ထားတဲ့ဆိုင်တွေမှတ်ထားဖို့နဲ့ အင်္ကျီအဖြူဝတ်ထားတာ၊ ခေါင်းစည်း၊ လက်ပတ်အဖြူစည်းထားတဲ့သူတွေတွေ့ရင် သတင်းပေးဖို့ပြောထားတယ်။ သပိတ်မှာပါတဲ့သူတွေ အကြမ်းဖက်အားပေးမှုနဲ့ တရားစွဲအရေးယူမယ်ပြောတယ်။ မြို့ထဲနဲ့ ရပ်ကွက်တွေထဲမှာ အရပ်ဝတ်တွေနဲ့ ကင်းပတ်မယ်လို့လည်းကြားတယ်” လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
သပိတ်မှာပါဝင်သူတွေကို အရေးယူဖမ်းဆီးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်တပ်ထောက်ခံသူတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာပါ လှုံ့ဆော်နေကြတာပါ။
စစ်ကောင်စီတပ်တွေနဲ့ထောက်ခံသူတွေက သပိတ်မှာပါဝင်သူတွေကို ဖမ်းဆီးအရေးယူဖို့လုပ်ဆောင်နေပေမယ့် တက်နိုင်တဲ့ဘက်ကနေ ပုံစံမျိုးစုံနဲ့ ပါဝင်သွားမယ်လို့ ရန်ကုန်မြို့ခံအများစုက ပြောပါတယ်။
တောင်ဥက္ကလာမြို့နယ်အတွင်းမှာ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်ဖွင့်ထားသူတစ်ဦးကတော့ “ဆိုင်ကတော့ဖွင့်ထားမှာပါ။ မနက်ဖြန်ပိတ်လိုက်ရင် သူတို့ကမှတ်ထားပြီး နောက်ရက်မှလာဖမ်းမှာကြောက်ရတယ်။ အဲဒါကြောင့်ဆိုင်တော့ဖွင့်မယ်။ ဝန်ထမ်းတွေကိုလည်း စောလာဖို့နဲ့ သပိတ်အချိန်ကျရင် အပြင်မထွက်ကြဖို့မှာထားတယ်” လို့ဆိုပါတယ်။
လူထုသပိတ်ဦးဆောင်လှုပ်ရှားသူ ဒေါက်တာတေဇာစန်းကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တော်လှန်ခရီးသုံးနှစ်ပြည့်ချိန်ကနေ အဆုံးသတ်အောင်ပွဲဆီ လူထုတော်လှန်လှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီတက်ကြပါစို့လို့ ပြောထားပါတယ်။
“Silent Strike (အပြင်မထွက်၊ အသံတိတ်သပိတ်) ဟေ့ဆိုရင် ပြည်သူအားလုံး ရင်းနှီးကျွမ်းဝင်ကြပြီးသားပါပဲ။ နေရာဒေသမရွေး လူထုအားလုံး ပါဝင်နိုင်တဲ့ တိုက်ပွဲနည်းနာကြီးဖြစ်သလို စစ်အာဏာရူးတွေ ဒူးတုန်အောင်ကြောက်တဲ့ သပိတ်ကြီးပါ။ မြန်မာလူထုရဲ့ တော်လှန်စိတ်၊ ဇွဲသတ္တိနဲ့ စုစည်းညီညွတ်မှုကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြု၊ အံ့ဩကြရတဲ့ တိုက်ပွဲနည်းနာကြီးလည်း ဖြစ်ပါတယ်။ ဒီနည်းနာက အသံတိတ်ပေမယ့် အလံလိပ်တာ လုံးဝ မဟုတ်ပါဘူး။ ငါတို့ မြို့၊ ငါတို့ ဒေသ ငါတို့ပိုင်တယ်။ ငါတို့ ငြိမ်ချင်ငြိမ်မယ်၊ ငါတို့ လှုပ်ချင်လှုပ်မယ်ဆိုတာ ပြည်သူ့သတင်းစကားပဲ။ စစ်အာဏာရူးတွေ ငါတို့ကို ‘လုံးဝ အုပ်ချုပ်ခွင့်မရစေရ’ ဆိုတာ ကျွန်ုပ်တို့လူထုကြီးရဲ့ ကြွေးကြော်သံ” လို့ ဆိုထားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ၂၀၂၁ မတ်လ၊ ဒီဇင်ဘာလတွေမှာလည်းပြုလုပ်ခဲ့ပြီး ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နဲ့ မနှစ်က ဖေဖော်ဝါရီ ၁ ရက်မှာလည်း ပြုလုပ်ခဲ့သလို ပြည်သူအများအပြားလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်မှာပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်မှာတော့ နိုင်ငံအနှံ့က ပူးပေါင်းပါဝင်ခဲ့သူ နှစ်ရာကျော်ကို ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။
ပုံစာ-မနှစ်က ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်မှာ မြင်တွေ့ရတဲ့ ရန်ကုန်မြို့တွင်းအခြေအနေ။
ဓာတ်ပုံ-မော်ကွန်း

