မြောင် – ၂၀၂၁ အောက်တိုဘာ ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပေါက်တောရွာက စစ်ကောင်စီသတင်းပေး အမျိုးသားနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆဲဆို စိန်ခေါ်ခဲ့ပြီးနောက် မနေ့က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်ကျော်မျိုးနှင့် ဖိုးကျော်ဆိုသူတွေဟာ ကျေးရွာထဲက ပြည်သူလူထုကို ဆဲဆိုပြီး PDF တွေ သတ္တိရှိရင် ထွက်ခဲ့လို့ စိန်ခေါ်ခဲ့တဲ့အပြင် သူတို့ဟာ စစ်ကောင်စီရဲ့ သတင်းပေးတွေဖြစ်နေတာကြောင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Myaung Special People’s Defense Force(MSPDF) နဲ့ Myingyan Ranger (Mgn Ranger) တို့က ရှင်းလင်းခဲ့တယ်လို့ အဲဒီအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရင်ရက်တွေကလည်း ပေါက်တောရွာကို ဝင်ရောက်မွှေနှောက်ကာ စစ်ရှောင်ပြည်သူတွေအတွက် ပံ့ပိုးကူညီထားတဲ့ ဆန်အိတ်တွေ၊ စားသုံးဆီ အမြောက်အများနဲ့ ရေခဲသေတ္တာ၊ တီဗွီတွေကိုလည်း ယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF) နဲ့ MyinGyan Ranger (MGN Ranger) တို့ မဟာမိတ်အဖွဲ့ဝင်အဖြစ် အာဏာသိမ်းစစ်ကောင်စီကို ပူပေါင်းတွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်တွေ ထိစပ်တဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ အခြေအနေတွေတင်းမာနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
#Dailynews

