ပဲခူးနဲ့ကရင်အစပ် ဇရပ်ကြီးမှာတိုက်ပွဲတွေဖြစ်

ပဲခူးနဲ့ကရင်အစပ် ဇရပ်ကြီးမှာတိုက်ပွဲတွေဖြစ်

ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၈ (မော်ကွန်း)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ နှစ်ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲအကြား သေဆုံးသူ အရပ်သား ငါးဦးထက်မနည်းရှိနိုင်ပြီး ဒဏ်ရာရရှိသူလည်း ခုနစ်ဦးခန့်ရှိတယ်လို့ ဒေသခံ ပရဟိတအသင်းတွေက ပြောပါတယ်။

“ဒီမနက်ကတော့ သေနတ်ထိသွားတဲ့ ဒေသခံတစ်ယောက်ကို တောင်ငူဆေးရုံ ပို့ပေးခဲ့တယ်။ သေဆုံးတာတွေလည်း ရှိတယ်။ အရေအတွက်အတိအကျပြောဖို့ ခက်နေတယ်” လို့ တောင်ငူဒေသခံ ပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် မြို့ပေါ်က နေအိမ်အများအပြားပျက်စီးသွားပြီး ဒေသခံ ထောင်နဲ့ချီကာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။

ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က စစ်ကောင်စီတပ်ရင်းဖြစ်တဲ့ ခလရ ၇၃ အနီးမှာ မနေ့က မနက်ပိုင်းကစပြီး KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။

မနေ့က မနက်ပိုင်းမှာ စတင်ဖြစ်ပွားတဲ့ ဇရပ်ကြီးတိုက်ပွဲဟာ ဒီနေ့မနက်ပိုင်းထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ စစ်ဘေးရှောင်လာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က တစ်နေကုန်ပဲ လေယာဉ်နဲ့ လာပစ်တယ်။ မနက်ကလည်း ဆက်ပစ်နေတာ။ ပရဟိတအဖွဲ့တွေက လမ်းတွေမှာ ခေါ်ထုတ်ပေးနေတယ်။ တိုက်ပွဲက မပြီးသေးဘူး ဘယ်လိုမှ နေဖို့အဆင်မပြေတော့လို့ ထွက်လာရတာ”လို့ ၎င်း ဒေသခံက ပြောပါတယ်။

လက်ရှိမှာ ဇရပ်ကြီးမြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေဖြစ်တဲ့ ကင်မွန်းခြုံ၊ မင်းကြိုင်း၊ မြို့ဆိုး စတဲ့ကျေးရွာတွေက ဒေသခံ ငါးထောင်ခန့်ဟာ တောင်ငူနဲ့ အုတ်တွင်းမြို့တွေကို ထွက်ပြေးခိုလှုံနေကြရတာပါ။

ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ ဇရပ်ကြီးမြို့တွင်း ပိတ်မိနေတဲ့ ပြည်သူတွေ ကျန်ရှိနေသေးတာကြောင့် ကယ်ထုတ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ဒီမနက်မှာကို တောက်လျှောက် ခေါ်ထုတ်နေတာပါ။ မြို့ထဲမှာလည်း ကျန်တဲ့သူတွေလည်း ကျန်နေသေးတယ်။ တိုက်ပွဲငြိမ်ရင် ငြိမ်သလို အခြေအနေကြည့်ပြီး ခေါ်ထုတ်နေတာပါ” လို့ ၎င်း က ပြောပါတယ်။

ဇရပ်ကြီးမြို့ဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးမှာ တည်ရှိပြီး ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း အစပ်နားမှာ ရှိတဲ့မြို့ဖြစ်ပါတယ်။

မနေ့က မနက်အစောပိုင်းမှာ KNLA ပူးပေါင်းတပ်တွေဟာ ဇရပ်ကြီးအခြေစိုက် ခလရ ၇၃၊ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ပုံစာ – ဒီနေ့မနက်ပိုင်းမှာ ဇရပ်ကြီးမြို့က ဒေသခံတွေကို ပရဟိတအသင်းတွေက ခေါ်ထုတ်နေတဲ့ မြင်ကွင်း

ဓာတ်ပုံ – Min Paing Latt

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."