မိုးကုတ် – ၂၀၂၁ စက်တင်ဘာ ၂၉ (မော်ကွန်း)
မိုးကုတ်မြို့မှာ ဒီကနေ့ နံနက် ၅နာရီဝန်းကျင်က သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးရဲ့သားအကြီးအပါဝင် လူငယ်ကိုးဦးကို စစ်ကောင်စီတပ်သားတွေက လာဖမ်းသွားတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
မိုးကုတ်သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးရဲ့သားအကြီး ကိုဥက္ကာစိုးဟာ Mogok Delivery to Home(ဝန်ဆောင်မှုလုပ်ငန်း) ကို လုပ်ကိုင်နေသူတစ်ဦးပြီး Delivery ရုံးမှာလာအိပ်ကြတဲ့လူငယ်တွေပါ အဖမ်းခံရတာဖြစ်ပါတယ်။
” ရုံးကိုဝင်ပြီးမွှေနှောက်သွားတယ် ၊ အရှေ့က ကပ်ထားတဲ့ ဗီနိုင်းတွေလဲ အကုန်ဆွဲခွာသွားတယ်၊ မွှေထားတာမှ အမှိုက်ပုံးတောင်မချန်ဘူး ၊ အကုန်သွန်ပြီးမွှေထားတာ ၊ ဘာလို့ လာဖမ်းသွားတယ်ဆိုတာလည်းမသိရဘူး “လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်က ဆိုပါတယ်။
ဇွန်လပိုင်းတုန်းက စစ်ကောင်စီတပ်တွေဟာ သပိတ်ခေါင်းဆောင် ဦးစိုးဋ္ဌေးကို ဖမ်းဆီးဖို့ လာရောက်ချိန်မှာ မမိတာကြောင့် အိမ်မှာရှိတဲ့ ဇနီး ဒေါ်ကြည်ကြည်ခိုင်၊ သမီး မသိမ့်စန္ဒီစိုး နဲ့ အသက် ငါးနှစ်အရွယ် သမီး မစုထက်ဝိုင်းတို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။
ဖမ်းဆီးပြီး နှစ်ပတ်ကျော်မှာ သမီးငယ် မစုထက်ဝိုင်းကို ပြန်လွှတ်ပေးပြီး ဇူလိုင်ထဲမှာတော့ ကျန်တဲ့ သားအမိနှစ်ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင်သုံးနှစ်စီ ချလိုက်ပါတယ်။
သမီးအကြီး မသိမ့်စန္ဒီစိုးဟာ သွေးလေးဘက်နာရောဂါခံစားနေရသူဖြစ်ပြီး အိုးဘိုထောင်ထဲမှာ COVID – 19 ရောဂါကူးစက်ခံခဲ့ရပါသေးတယ်။
ဦးစိုးဋ္ဌေးရဲ့ဇနီးနဲ့သမီးတို့ကို အိုးဘိုထောင်မှာ ဖမ်းဆီးထားပြီးအိမ်ထောင်စုစာရင်းမှာပါတဲ့ မိသားစုပဲ တွေ့ခွင့်ရမယ်ဆိုတာကြောင့် ကြားထဲက ဆွေမျိုးတွေလည်း တွေ့ခွင့်မရဘူးဖြစ်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဇနီးနဲ့သမီးတွေ ဖမ်းဆီးခံရပြီး သားအကြီးဖြစ်သူ ကိုဥက္ကာစိုးဟာ ထပ်မံဖမ်းဆီးခံရတာဖြစ်ပါတယ်။
ပုံစာ – ဝင်ရောက်ဖမ်းဆီးခံရသည့် Delivery ရုံး
ဓါတ်ပုံ – CJ
#Dailynews

