ပုံစာ – မသိမ့်စန္ဒီစိုး
ဓာတ်ပုံ – ပေးပို့
မိုးကုတ် – ၂၀၂၁ ဇူလိုင် ၂၁ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးကိုယ်စား ဓားစာခံဖမ်းဆီးခံထားရတဲ့ သမီးဖြစ်သူမသိမ့်စန္ဒီစိုးဟာ ထောင်ထဲမှာကိုဗစ်ရောဂါကူးစက်ခံထားရပြီး ဆေးဝါးကုသဖို့ လိုအပ်နေတယ်လို့ ဖခင်ဖြစ်သူကဆိုပါတယ်။
“ဒီနေ့ ၁၂နာရီလောက်မှာ ရဲကဖုန်းဆက်လာတယ်၊ ကိုဗစ်ကူးစက်ခံထားရတယ်တဲ့၊ ပထမအကြိမ်စစ်ကတည်းက ကိုဗစ် အဖြေထွက်နေတာလို့ပြောတယ်။ ဆေးကုသခွင့်တော့မပေးဘူး၊ ဆေးဝါး ဆောင်ရန်ရှောင်ရန်တွေရယ် ပို့ပေးဖို့ပဲပြောတယ်”လို့ ဦးစိုးဌေးက ဆိုပါတယ်။
မသိမ့်စန္ဒီစိုးက တတိယနှစ်ဥပဒေကျောင်းသူဖြစ်ပြီး သွေးလေးဘက်နာရောဂါ အခံရှိထားတာကြောင့် ထောင်တွင်းကျန်းမာရေးအခြေနေဆိုးဝါးနေတယ်လို့ သူကပြောပါတယ်။
“သမီးကိုတော့ အောက်အချုပ်ထောင်မှာထားထားတယ်၊ အမေကိုတော့ အပေါ်အချုပ်မှာထားထားတယ်၊ခွဲထားတယ်လို့ကြားတယ်၊ သမီးကဆေးကုသဖို့လိုအပ်နေတယ်လို့ “ဦးစိုးဌေးက ဆိုပါတယ်။
မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးရဲ့ဇနီးနဲ့သမီးကို စစ်အုပ်စု ကဇူလိုင်လ ၁၃ရက်နေ့မှာ ထောင်တွင်းစစ်ဆေးပြီး ထောင် ၃နှစ်စီချလိုက်တာဖြစ်ပါတယ်။
မိုးကုတ်မြို့မှာ ဇူလိုင်လ ၂၀ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော်တွေ့ထားရပြီး ၃၀နီးပါးသေဆုံးပြီးဖြစ်တယ်လို့ မိုးကုတ်ကိုဗစ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ဆီကသိရပါတယ်။
#Dailynews

