ရန်ကုန် – ၂၀၂၅ မတ် ၁၇ (မော်ကွန်း)
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်နှစ်အတွင်း ကလေးငယ် ၃၇၂ ဦးထိ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ၂၀၂၃ ကနေ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းတွေကို ထုတ်ပြန်ခဲ့တာပါ။
စစ်ကောင်စီဟာ ဒီနှစ်နှစ်အတွင်း အရပ်သားပြည်သူဆိုင်ရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုပေါင်း နှစ်ထောင်ကျော်ပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေမှာ ကလေးငယ်တွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ်ကို ချိုးဖောက်ရာရောက်နေပြီး နိုင်ငံတကာလူ့အခွင့်အရေးယန္တရားတွေနဲ့ နိုင်ငံတကာတရားစီရင်မှု ယန္တရားတွေကနေ အရေးယူပေးဖို့လည်း NUG က တောင်းဆိုထားပါတယ်။
မနေ့က ညနေပိုင်းကလည်း စစ်ကောင်စီဟာ ရှမ်းမြောက်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့က စိန်ရတနာပရိယတ္တိစာသင်တိုက် ကို လေကြောင်းကဗုံးကြဲခဲ့တာကြောင့် သာမဏေလေးပါးနဲ့ ရဟန်းနှစ်ပါး ပျံလွန်တော်မူခဲ့ကာ အရပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
အလားတူ ပြီးခဲ့တဲ့သုံးရက်ကလည်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က လက်ပံလှကျေးရွာဈေးကို လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် လေးလသားကလေးအပါအဝင် ကလေးသူငယ်ခြောက်ဦး နဲ့ ဒေသခံ ၂၀ ကျော် သေဆုံးခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ် ငါးသန်းနီးပါးဟာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေ၊ မလုံခြုံမှုတွေနဲ့ နေရပ်ရွှေ့ပြောင်းခံရမှုတွေ ခံစားနေရတယ်လို့ ကုလသမဂ္ဂကလေးသူငယ်ဆိုင်ရာရန်ပုံငွေအဖွဲ့ (UNICEF) က ပြီးခဲ့တဲ့လဆန်းပိုင်းက ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံအတွင်းက ကလေးသူငယ်တွေဟာ စစ်ပွဲရဲ့ ပဋိပက္ခတွေ၊ စစ်လက်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်နေရတဲ့အပြင် ဒီပဋိပက္ခထဲမှာပါဝင်ပတ်သက်နေသူတွေရဲ့ နှစ်ဖက်လူသစ်စုဆောင်းမှုတွေ၊ အရွယ်မတိုင်ခင်လက်ထပ်ထိမ်းမြား ခံရမှုတွေ၊ ကလေးအလုပ်သမားအဖြစ်စေခိုင်းခံရမှုတွေနဲ့ တခြားသောအခွင့်အရေးချိုးဖောက်ခံရမှုတွေ ဖြစ်ပွားနေတယ်လို့ UNICEF က သုံးသပ်ထားပါတယ်။
ပုံစာ – မနေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နောင်ချိုမြို့က စိန်ရတနာ ပရိယတ္တိစာသင်တိုက်
ဓါတ်ပုံ – TNLA

