ခင်ဦးနယ်ထဲမှာလည်း စစ်ကောင်စီက နှစ်ရက်ဆက်တိုက်မီးရှို့

ခင်ဦးနယ်ထဲမှာလည်း စစ်ကောင်စီက နှစ်ရက်ဆက်တိုက်မီးရှို့

ရွှေဘို-၂၀၂၃ ဇွန် ၂ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်တွေ နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးနေလို့ ဒေသခံတစ်သောင်းနီးပါးထွက်ပြေးရကာ ရွာခံတစ်ဦးအဖမ်းခံထားရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူကမော်ကွန်းကိုပြောပါတယ်။

“ မနေ့ကစပြီးတော့ စစ်ကြောင်းထိုးတာ၊ ဒီနေ့လည်း စစ်ကြောင်းထိုးတယ်၊ မီးရှို့တယ်။ မီးရှို့ခံရတဲ့ရွာတွေက ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ရေဦးမြို့နဲ့ဆို နှစ်မိုင်လောက်ပဲဝေးတယ်။ ရွာသစ်ကျေးရွာမီးရှို့ခံရတယ်။ ဒီနေ့မနက်မှာဆို ကျီးအိုင်ရွာမီးရှို့ခံရတာပေါ့။ စစ်ကြောင်းက လတ်တလော သူတို့ရွာနှစ်ရွာကြားက မရမ်းအင်းမှာ ထိုင်နေတာဖြစ်တဲ့အတွက် ဒေသခံအားလုံးကစိုးရိမ်ပြီး မပြန်ရသေးတဲ့အတွက် ပျက်စီးထိခိုက်မှုတွေက မသိရသေးဘူး။ နောက်ပြီးတော့ ဒေသခံတစ်ဦးလည်း ဖမ်းဆီးခံရတယ်လို့သိရတယ်။ ဖမ်းခံရတာက ရွာခံ သာမန်ပြည်သူအမျိုးသားတစ်ဦးပါ” လို့ သူကပြောပါတယ်။

စစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ်ဟာ အင်အားတစ်ရာဝန်းကျင်ရှိပြီး ဒီနေ့လယ်မှာတော့ ကျီးအိုင်ရွာကိုမီးရှို့ပြီး မရမ်းအင်းရွာထဲက ဘုန်းကြီးကျောင်းမှာ အထိုင်ချနေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါကြောင့် အနီးက ရွာတွေဖြစ်တဲ့ ကျီးအိုင်၊ ရွာသစ်၊ သဲကုန်းကြီး၊ မုံတော(တောင်ရွာ)၊ ဒါန်းကုန်း၊ မူးသာ၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး စတဲ့ရွာတွေက ဒေသခံသောင်းချီ ဘေးလွတ်ရာကိုထွက်ပြေးနေရတာပါ။

မနေ့မနက်ပိုင်းက မီးရှို့ခံရတဲ့ရွာသစ်ကျေးရွာမှာ အိမ်ခြေခုနစ်လုံးခန့်ပျက်စီးထားကြောင်း ကနဦးသိထားရပြီး ဒီနေ့ မီးရှို့ခံရတဲ့ ကျီးအိုင်ရွာရဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

ဒီနေ့စစ်ကြောင်းဝင်ချိန်မှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲထိတွေ့မှုဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး လက်နက်ကြီးထိမှန် ဒဏ်ရာရထားတယ်လို့ သူတို့ကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်‌တွေ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာပေါင်း ၇၄ ရွာရှိပြီး အိမ်ခြေ ၅,၀၀၀ ကျော် ပျက်စီးထားပြီးဖြစ်သလို ပြည်သူ ၃၀,၀၀၀ ဝန်းကျင် အိုးအိမ်မဲ့ဖြစ် ဒုက္ခရောက်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့ကလည်း စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ်ဖေ‌ဖော်ဝါရီ ၂၈ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှိုဖျက်ဆီးမှုတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ခြေပေါင်း ၆၀,၀၀၀ ကျော် ပျက်စီးပြီး စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၄၀,၀၀၀ ကျော် ဖျက်ဆီးခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ-ခင်ဦးမြို့နယ် ကျီးအိုင်ရွာကို စစ်ကောင်စီတပ်တွေမီးရှို့လို့ ထွက်ပြေးနေရတဲ့ ဒေသခံများ
Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."