ဓါတ်ပုံ-CJ
မြင်းခြံ – ၂၀၂၁ ဇွန် ၁၈ (မော်ကွန်း)
မန္တလေးတိုင်း မြင်းခြံမြို့မှာ ဒီကနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က ယာဥ်ထိန်းရဲတစ်ဦး သေနတ်အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံမြို့၊ အမှတ် ၁၉ စွန်းလွန်းရပ်ကွက် ရတနာမိုးစတိုးဆိုင် အနီးမှာ အပစ်ခံခဲ့ရတာဖြစ်ပြီး အခင်းဖြစ်ပြီးမကြာခင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းများပိတ်ဆို့ကာ ရှာဖွေစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူကြီးလမ်းကြောင်းရှိလို့ တာဝန်ကျအပြီး မြင်းခြံမြို့ထဲ တောင်မှမြောက်သို့ ဆိုင်ကယ်နဲ့ပြန်အဝင် ပစ်ခတ်ခံခဲ့ရတာလို့ မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။
အပစ်ခံရတဲ့ ယာဥ်ထိန်းရဲကို သူတို့ချင်း နာမည်ပြောင် တွံတေးလို့ ခေါ်လေ့ရှိတယိလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြင်းခြံမှာက မော်တော်ပီကယ်တအားစစ်နေတယ်။ တအားဖမ်းတော့ နယ်တွေက တက်မလာရဲကြတော့ အရောင်းအဝယ်တွေက ရပ်ဆိုင်းကုန်တယ်။ ဖမ်းမိရင်လည်း သိန်းချီပေးရတယ်” လို့ မြင်းခြံဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာမှာ ဇွန်လ ၁၅ ရက်နေ့က အမျိုးသားတစ်ဦး ဓားထိုးခံရလို့ စစ်ကောင်စီတပ်တွေဟာ ရွာသား ၃၈ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၁၆ရက်နေ့မှာ ၃၆ယောက် ပြန်လွတ်ခဲ့ကာ ကျန်နှစ်ဦးဖြစ်တဲ့ ကိုချစ်ကိုနှင့်ဦးစိန်ဝင်း တို့ကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့ကလည်း မြင်းခြံနယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဟာ လှည့်လည်ခဲ့ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
#Dailynews

