ဖောင်ဖျက်တိုက်တဲ့ မလွှကုန်းမီးရထားဝန်ထမ်း CDM

ဖောင်ဖျက်တိုက်တဲ့ မလွှကုန်းမီးရထားဝန်ထမ်း CDM

မတ်၊ ၂၀၂၁ (မော်ကွန်း)

အလုပ်ဝင်စကတည်းက မိသားစုနှင့်အတူ နှစ်ပေါင်း ၂၀ ကျော်နေထိုင်လာသည့် အိမ်ငယ်လေးကို ယခုလိုစွန့်ခွာ ထွက်ပြေးရလိမ့်မည်ဟု ကိုထွန်းနိုင် ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။

ယခုတော့ သူ့အိမ်ငယ်လေးနှင့်ဝေးရာ နယ်မြို့လေးရှိမိတ်ဆွေတစ်ဦး၏အိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဘယ်အချိန်အထိနေရမည်မှန်း သူသေချာမသိသေး။

အသက် ၄၆ နှစ်အရွယ်ရှိ ကိုထွန်းနိုင်သည် မြန်မာ့မီးရထားလုပ်ငန်း၊ မလွှကုန်းမီးရထားစက်ခေါင်းရုံတွင် စက်ခေါင်းမောင်းတစ်ဦးဖြစ်ပြီး သူ၏လစာမှာ တစ်သိန်းရှစ်သောင်းကျပ်သာရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းကွာဟသည့် အကြောင်းပြချက်ဖြင့် စစ်တပ်က တိုင်းပြည်၏ အာဏာကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် သိမ်းယူလိုက်သည်။ ထိုလုပ်ရပ်ကို လက်မခံနိုင်သည့် ပြည်သူ့ဝန်ထမ်းများက Civil Disobedience Movement (CDM) ခေါ် ရုံးမတက်ဘဲ ငြိမ်းချမ်းစွာ အာဏာဖီဆန်ကြသည်။

သူတို့အားလုံး၏ ခံယူချက်က အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် အလုပ်မလုပ်နိုင်၊ ပြည်သူရွေးကောက်တင်မြှောက်ထားသည့် အစိုးရလက်အောက်တွင်သာ အလုပ်လုပ်မည်ဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းများက စတင်ခဲ့သည့် ထို CDM လှုပ်ရှားမှုတွင် မြန်မာ့မီးရထားဝန်ထမ်းများပါ အားတက်သရော ပါဝင်ကြသည်။ လမ်းကြောင်းအရ အချက်အချာကြပြီး အကြီးမားဆုံးစက်ခေါင်းရုံဖြစ်သည့် ရန်ကုန်၊ မလွှကုန်းမီးရထား စက်ခေါင်းရုံသည် CDM စက်ခေါင်းရုံဖြစ်သွားသည်။

“အလုပ်မဆင်းဘဲ ဆန္ဒပြမယ်ဆိုတော့ ဒါဖြစ်သင့်တယ်လို့ယူဆတယ်။ ဒါကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ CDM မှာ ပါဝင်လာတယ်” ဟု ကိုထွန်းနိုင်က ပြောသည်။

ပုံစာ – ပုံမှန်ရထား တစ်စင်းမျှ မထွက်နိုင်တော့သည့် ရန်ကုန်မြို့ပတ်လမ်း (Photo: Aung Py)

ဖေဖော်ဝါရီ ၈ ရက်၊ မနက် ၈ နာရီတွင် စတင်လိုက်သည့် ရထားဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကြောင့် မြန်မာ့မီးရထားလုပ်ငန်းသည် လုံးဝမလည်ပတ်နိုင်တော့သည်အထိ ဖြစ်ခဲ့သည်။

တခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စက်ခေါင်းရုံများအားလုံးပါ CDM စက်ခေါင်းရုံ ဖြစ်သွားသည်ဟု ဝန်ထမ်းများက ဆိုသည်။ သံလမ်းပေါ်မှ စက်ခေါင်းများ၊ ရထားတွဲများသည်လည်း အသံတိတ်၊ မီးခိုးတိတ်ကာ အသက်မဲ့သွားသည့် မြွေတစ်ကောင်ပမာ မလှုပ်မယှက်ကျန်ရစ်ခဲ့သည်။

အလျော်အစားကြီး

CDM ကြောင့် ကိုထွန်းနိုင်တို့ရင်ဆိုင်ရသည်ကလည်း အလျော်အစားကြီးသည်။ လူဦးရေလေးထောင်ကျော်ရှိသည့် မလွှကုန်းမီးရထားဝန်ထမ်းမိသားစုဝင်အားလုံး နေစရာမဲ့၊ စားစရာမဲ့သွားသည့် အခြေအနေဆိုက်သွားသည်။

စစ်ကောင်စီက မီးရထားပုံမှန်လည်ပတ်စေရန်ရည်ရွယ်၍ အလုပ်လုပ်သူများသာ လိုင်းခန်းထဲတွင်နေခွင့်ရမည်ဟု ဖိအားပေးနေသည်။

သို့ိသော် ကိုထွန်းနိုင်ကဲ့သို့ CDM ဝန်ထမ်းများကတော့ နေစရာမရှိ၊ စားစရာမရှိစေကာမူ ရွေးကောက်တင်မြှောက်ခံအစိုးရ အာဏာပြန်မရမချင်း အလုပ်မလုပ်ဟုသာ ငြင်းဆိုထားသည်။

ပုံစာ – လိုင်းခန်းအိမ်မှ ပြောင်းရွှေ့ ညအိပ်ရန် ထွက်လာသည့် မောင်နှမ နှစ်ဦးအား မလွှကုန်းဘူတာပေါ်တွင် တွေ့ရစဉ် (Photo: Aung Py)

သူကိုယ်တိုင်လည်း လိုင်းခန်းပေါ်ကဆင်းလာခဲ့ပြီးပြီ။ သန်းခေါင်ထက်ညဉ့်နက်စရာ အကြောင်းမရှိတော့ပြီဟုသာ သူခံယူထားသည်။

လက်ရှိအချိန်တွင် ၎င်းတို့ရပ်တည်နိုင်ရေးအတွက် အလှူရှင်များ၏ထောက်ပံ့မှုများကို ရသူများရှိသလို နေရာတကွဲတပြားဖြစ်သွားခြင်း၊ ဆက်သွယ်ရန်ခက်ခဲခြင်းတို့ကြောင့် မရသူများလည်း အများအပြားရှိနေသည်။

CDM လုပ်စ ကနဦးရက်များတွင် ယခုလိုအခြေအနေမဲ့မဟုတ်ဘဲ ဝန်ထမ်းများသည် ၎င်းတို့၏နေအိမ်များတွင် တည်ငြိမ်ငြိမ်ဖြင့်သာ နေထိုင်နိုင်ခဲ့ကြသည်။ ငွေကြေး၊ ရိက္ခာထောက်ပံ့မှုများကလည်း ဝင်လာမစဲတသဲသဲဖြင့် အလှူခံဌာနဖွင့်လက်ခံကြရသည်။

ဖေဖော်ဝါရီလအတွင်း မော်ကွန်းက မလွှကုန်းမီးရထားဝန်းထဲသို့ရောက်ခဲ့စဉ်က ထောက်ပံ့ပစ္စည်းများကို ရပ်ကွက်ဆေးခန်း၌ သိုလှောင်သိမ်းဆည်းထားသည်ကို မြင်တွေ့ခဲ့ရသည်။ ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန် အစုံအလင်ပါသည်။

“စားစရာကမပူရတော့ဘူး။ ထောက်ပံ့မှုတွေ အများကြီးပဲ။ နောက်လထဲမှာ ခွဲဝေယူကြလိမ့်မယ်။” ဟု CDM အရာရှိတစ်ဦးက ထိုစဉ်ကပြောခဲ့သေးသည်။

ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မတ် ၂၉ ရက်တွင် မြန်မာ့မီးရထားလုပ်ငန်းရှိ CDM ဝန်ထမ်း ၄၄၀ ဦးကို တစ်ဦးလျှင် တစ်သိန်းကျပ် ကူညီထောက်ပံ့ပေးပို့ခဲ့ကြောင်း ကြေညာသည်။

ထိုသို့ကူညီထောက်ပံ့ပေးရာတွင် CRPH – CDM Supporting Team က ကျပ်သိန်း ၁၄၀၊ CDM ပြည်သူ့ဝန်ထမ်းများအား အထောက်အပံ့ပေးလျှက်ရှိသော ဝိုင်းကြီးချုပ်အဖွဲ့က ကျပ်သိန်း ၃၀၀ ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။

သို့သော် မော်ကွန်းက ဆက်သွယ်ခဲ့သည့် မလွှကုန်းမှ CDM ဝန်ထမ်းတချို့ကတော့ နည်းပညာနှင့် ဆက်သွယ်ရေးအခက်အခဲကြောင့် CRPH ထံ စာရင်းပေးသွင်းရန် အခက်အခဲရှိနေခြင်း၊ စာရင်းပေးသွင်း ထားသော်လည်း ထောက်ပံ့သည့်အထဲ မပါဝင်သေးခြင်းများ ရှိနေသည်ဟု ပြောသည်။

လူငယ်တေးဂီတ ဝါသနာရှင်များကလည်း ခွန်အားဖြစ်စရာသီချင်းများဖြင့် လာရောက်ဖျော်ဖြေ၍ အားပေးထောက်ခံခဲ့ကြသည်။ ပျော်ရွှင်အားတက်ဖွယ်ရာ တိုက်ပွဲနေ့ရက်များပင်ဖြစ်သည်။

( CDM လုပ်နေသည့် မလွှကုန်းမီးရထားဝန်ထမ်းအိမ်ရာထဲက ဂီတဖျော်ဖြေရေး )

ကြမ္မာငင်ပြီ

CDM လှုပ်ရှားမှုတစ်လအကြာ မတ် ၁၀ ရက်တွင် ၎င်းတို့၏ တည်ငြိမ်ပျော်ရွှင်မှုအားလုံးပျက်သုဉ်းပြီး ဝရုန်းသုန်းကား အခြေအနေများစတင်တော့သည်။ ထိုနေ့က ရိက္ခာများကိုခွဲဝေယူရန် စီစဉ်ထားသည့်နေ့လည်းဖြစ်သည်။

နံနက်အရုဏ်တက်ချိန်တွင် စစ်တပ်က မလွှကုန်းမီးရထားဝန်းထဲသို့ ရုတ်တရက်ရောက်ချလာပြီး CDM ဝန်ထမ်းများ လိုင်းခန်းထဲတွင် ဆက်လက်နေထိုင်ရန်မသင့်ကြောင်း သတိပေးစကားပြောလိုက်သည်။

မော်ကွန်းက အခင်းဖြစ်ရာနေရာသို့ရောက်ရှိသွားချိန်တွင် ဝန်ထမ်းမိသားစုများက တစ်နိုင်တစ်ပိုင်ပစ္စည်းများကို သယ်ဆောင်၍ နေအိမ်သော့ပိတ်ကာ လိုင်းခန်းထဲမှအလျှိုလျှိုထွက်လာကြသည်။

ခြေလှမ်းခပ်သုတ်သုတ်ဖြင့် ထွက်လာသည့်အမျိုးသမီးတစ်ဦးက “ကျွန်မတို့ကို (စစ်တပ်က) ခွေးမောင်းသလို မောင်းထုတ်တယ်။ သေနတ်တွေနဲ့ ရောက်လာပြီးတော့။ ခုအဆင်ပြေရာ နေရာတစ်ခုခုကို ရွှေ့မှရမယ်။ ဒီထဲမှာ ဆက်နေလို့အဆင်မပြေဘူး” ဟု ပြောဆိုသွားသည်။

သူတို့ဖြစ်နေပုံမှာ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့်ဒုက္ခသည်များအလား ဘာကိုမျှမမှုှုနိုင်ဘဲ ဘေးလွတ်ရာကိုရောက်ရှိရေးသာ အဓိကဖြစ်နေသည်။

ပုံစာ – စစ်တပ်ရောက်ရှိလာသောကြောင့် ရေးကြီးသုတ်ပြာဖြင့် လိုင်းခန်းမှ ထွက်လာကြသည့် ဝန်ထမ်းများ (Photo: Aung Py)

လိုင်းခန်းထဲမှသာ ထွက်လာရသည်၊ ၎င်းတို့တွင် သွားရောက်နေထိုင်စရာ နေရာတိတိကျကျရယ်မရှိ။ တချိုု့က နီးစပ်ရာ ဘုန်းကြီးကျောင်းများသို့သွားရောက်ခိုလှုံကြပြီး တချို့က အသိမိတ်ဆွေများ၏နေအိမ်များသို့ ပြောင်းရွှေ့ညအိပ် ကြသည်။

အလှူခံရိက္ခာများထားရှိသည့် မလွှကုန်းဆေးခန်းရှေ့သို့ မော်ကွန်းကရောက်သွားစဉ် စစ်တပ်က ထိုဆေးခန်းကို တပ်စွဲရန်ပြင်ဆင်နေသည်။ အထဲရှိရိက္ခာများကို ဆေးခန်းဘေးကပ်လျက်ရှိ ဘုန်းကြီးကျောင်းထဲသို့ ဝန်ထမ်းများက အလျင်အမြန် ရွှေ့ပြောင်းနေကြသည်။

ထိုရိက္ခာများကို ယနေ့အထိ ပြန်လည်မထုတ်ယူနိုင်တော့ကြောင်း ရိက္ခာခွဲဝေရေးတာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဝေမယ့်နေ့မှာပဲ သူတို့တွေရောက်လာတာ ဘာမှ အလုပ်မဖြစ်တော့ဘူး။ ခုထိ ဆေးခန်းနဲ့ ဘုန်းကြီးကျောင်းရှေ့မှာ တပ်စွဲထားတုန်းပဲ” ဟု ၎င်းက ဝမ်းနည်းတသပြောသည်။

ပုံစာ – လိုင်းခန်းမှ ထွက်ခွာရန် တံခါးပိတ် ပြင်ဆင်နေစဉ် (Photo: Aung Py)

နောက်နေ့ မတ် ၁၁ ရက်တွင် ဝန်ထမ်းများက အိမ်ရှိပစ္စည်းများကိုစိတ်မချသဖြင့် ထပ်မံလာရောက် သယ်ယူကြပြန်သည်။ မိသားစုဝင်များသူများက ဆွေမျိုးများရှိရာ ကျေးလက်တောရွာသို့ ပြောင်းရွှေ့ကြသည်။

မိသားစုနှင့်အတူ အထုပ်အပိုးများဖြင့် ကားစောင့်နေသည့် အမျိုးသားတစ်ဦးက “သမီးမိန်းကလေးတွေလည်းရှိတယ်။ တခြားနေရာတွေမှာ နေလို့ အဆင်မပြေဘူး။ ရွာပြန်ပြီး ရှိတာနဲ့ စားမယ်။ CDM အောင်မြင်ရင် ပြန်လာခဲ့မယ်” ဟု ပြောသွားသည်။

၎င်းတို့သည် မလွှကုန်းမီးရထားဝန်းထဲတွင် နေလာသည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်ပြီး လက်ရှိအသက် ၂၀ အရွယ် သမီးမိန်းကလေး နှစ်ဦးကိုလည်း လိုင်းခန်းထဲတွင်သာမွေးဖွားခဲ့သည်။

စက်ခေါင်းမောင်း ကိုထွန်းနိုင်က အတူနေမိသားစုဝင်များကို ရန်ကုန်ရှိအသိမိတ်ဆွေများ၏အိမ်တွင် နေထိုင်ရန် စီစဉ်ပေးခဲ့သည်။ သူကိုယ်တိုင်ကတော့ ငွေကြေးအကူအညီတောင်းခံပြီး ဘေးလွတ်ရာ နယ်မြို့လေးတစ်မြို့သို့ ပြောင်းရွှေ့သွားသည်။

နိုဘယ်လ်ဆု အဆိုပြုခံ CDM

တစ်ချိန်က စည်စည်ကားကားရှိလှသည့် မလွှကုန်းမီးရထားဝန်းကြီးသည်လည်း စစ်သားများသာကျန်ခဲ့ပြီး လူသူကင်းမဲ့ တိတ်ဆိတ်စွာကျန်နေခဲ့သည်။

စစ်သားများလိုက်ပါစီးနင်းသည့် ရထားတစ်စီးတစ်လေမှလွဲ၍ ပုံမှန်ပြေးဆွဲရမည့် ရထားများသည်လည်း တစ်စီးမျှမထွက်နိုင်ဖြစ်နေသည်။

ဖေဖော်ဝါရီ ၈ ရက်က စတင်ခဲ့သည့် မီးရထားဝန်ထမ်းများ၏ CDM သည် ယခုဆိုလျှင် နှစ်လနီးပါးရှိပြီ။ အချိန်ကြာလာသည်နှင့် ၎င်းတို့၏ CDM ဆုံးဖြတ်ချက်သည် ပိုမိုခိုင်မာလာသည်။

၎င်းတို့၏ စားဝတ်နေရေးအခက်အခဲများကိုသိသည့် အထက်အရာရှိများကလည်း လိုင်းခန်းထဲတွင် ပြန်နေ၍ အလုပ်ပြန်လုပ်ရန် အကြိမ်ကြိမ် ကမ်းလှမ်းလျက်ရှိသည်။

“ဘယ်လိုပဲဖြစ်ဖြစ် စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်နိုင်ဘူးလို့ ဆုံးဖြတ်ထားပြီးသား။ ဒီအတွက်လည်း ရင်ဆိုင်ဖို့အသင့်ပါပဲ’’ ဟု နေအိမ်ကိုစွန့်ခွာပြီး ဆွေမျိုးအိမ်တွင် သွားရောက်နေထိုင်နေသည့် အသက် ၅၀ အရွယ် အမျိုးသားက ပြောသည်။

၎င်းတွင် သားနှစ်ယောက်ရှိပြီး မီးရထားဝန်ထမ်းများသာဖြစ်ကြရာ မိသားစုဝင်အားလုံး ရပ်တည်ချက်အတူတူ ပင်ဖြစ်သည်ဟု ဆိုသည်။

ပုံစာ – လူသူကင်းမဲ့သွားသည့် ဝန်ထမ်းလိုင်းခန်း (Photo: Aung Py)

မတ် ၂၇ ရက်တွင် မြန်မာနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို လာမည့်နှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရွေးချယ်ပေးအပ်နိုင်ရန် နော်ဝေနိုင်ငံမှတက္ကသိုလ်ပါမောက္ခတစ်ဦးနှင့် အခြားသောတတ်သိပညာရှင်များက အဆိုတင်လိုက်သည်။

“ဒီမိုကရေစီအရေးအတွက် အကြမ်းမဖက်သည့် CDM လှုပ်ရှားမှုဟာ နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ ထိုက်တန်ပါတယ်” ဟု အဆိုတင်သွင်းခဲ့သည့် နော်ဝေနိုင်ငံ၊ အော်စလို တက္ကသိုလ်မှ ပါမောက္ခ Kristian Stokke က RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် မှတ်ချက်ပြုသည်။

ထိုသတင်းကို ကြားရသည့်အခါ CDM ဝန်ထမ်းများက ဝမ်းပန်းတသာဖြင့် လက်ခုပ်တီးကြိုဆိုကြသည်။ ယခုလို ကမ္ဘာက အသိအမှတ်ပြုမှုသည် စားဝတ်နေရေး အခက်အခဲများကြောင့် စိတ်ညှိုးငယ်နေသည့် မီးရထားဝန်ထမ်းများအဖို့ခွန်အားတစ်ခုဖြစ်စေသည်။

“ခုလိုအသိအမှတ်ပြုတာ တကယ်ကိုအားရှိစေပါတယ်။ ကျွန်တော်တို့က ဖောင်ဖျက်ခဲ့ပြီ။ CDM မပျက်အောင် ဆက်ထိန်းဖို့ပဲရှိတယ်” ဟု ကိုထွန်းနိုင်က စိတ်အားထက်သန်စွာပြောသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."