အောင်ပိုင်
ဇန်နဝါရီ ၁၁ ၊၂၀၂၁ (မော်ကွန်း)
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာအား အဂတိလိုက်စားမှုဖြင့် အရေးယူ လိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ သတင်းထုတ်ပြန်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေ မန်နေဂျာ ဦးစိုးပိုင်သည် ရာထူးအလွဲသုံးစားလုပ်၍ ပြည်ပလေကြောင်းလိုင်းများထံမှ လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ် အမြန်ရရှိအောင် ငွေတောင်းခံခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
ကော်မရှင်၏ တွေ့ရှိချက်အရ ၎င်းသည် ပြည်ပနိုင်ငံတွင် ဘဏ်အကောင့်ဖွင့်၍ ပါမစ်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀၀၊ ၆၀၊ ၄၀ စသဖြင့် တောင်းခံခဲ့ပြီး ပြည်ပလေကြောင်းလိုင်းများ ၁၂ ခု ထံမှ အကြိမ်ကြိမ်ပေးပို့ခဲ့သော အမေရိကန်ဒေါ်လာ ၇၂, ၀၀၀ ကျော်ကို လက်ခံရယူခဲ့သည်။
ထို့ကြောင့် ၎င်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် ပထမသတင်းပေး တိုင်ကြားချက်ဖြင့် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ပါက ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်ကျခံရမည့်အပြင် ငွေဒဏ်လည်း ကျခံနိုင်သည်။
#Dailynews

