အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၃၀ (မော်ကွန်း)
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုးကားထုတ်ပြန်နေသည့် မဲစာရင်းများသည် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် နောက်ဆုံးမဲစာရင်းမဟုတ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ထုတ်ပြန်ရှင်းလင်းသည်။
၎င်းမဲစာရင်းများသည် ဒုတိယအကြိမ်မြောက် ကြေညာသည့် မဲစာရင်းများသာဖြစ်ပြီး ထိုမဲစာရင်းများတွင် မှားယွင်းနေသည့် အချက်အလက်များကို ပြန်လည်ပြင်ဆင်ခွင့် တောင်းခံခဲ့သည့် မဲဆန္ဒရှင်များလည်းရှိသည်ဟု ကော်မရှင်က ထုတ်ပြန်သည်။
ယခုအချိန်သည် ရွေးကောက်ပွဲပြစ်မှုများနှင့် တရားမဲ့ပြုကျင်မှုများအတွက် တင်သွင်းလာသည့် ကန့်ကွက်လွှာများ စစ်ဆေးနေသည့်ကာလဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ပျက်ပြားစေရန် ရွေးကောက်ပွဲရလဒ်ကို လက်မခံသည့်သဘောသက်ရောက်စေသည့် သဘောထားထုတ်ပြန်ချက်၊ အလားတူဆောင်ရွက်ချက်များကို နိုင်ငံရေးပါတီများကဖြစ်စေ၊ အဖွဲ့အစည်းများကဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်း မပြုကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက်၍ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်မည်ဟု နေပြည်တော်တွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
နိုဝင်ဘာ ၈ ရက်တွင် ရွှေပြည်သာမြို့နယ်၌ မဲရေတွက်နေသည်ကို တွေ့ရစဉ်
ဓာတ်ပုံ – အောင်ထူးနိုင်
#Dailynews

