အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၇ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ တိုက်ပွဲဖြစ်ပွားကြောင်း RCSS က ယနေ့မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။
ယနေ့ နံနက် ၈ နာရီခန့်တွင် TNLA တပ်မဟာ(၄) လက်အောက်ခံတပ်ရင်းများက နမ္မတူမြို့နယ်၊ မန်စံကျေးရွာ အုပ်စု၊ ပန်ကွတ်ကျေးရွာအနီးရှိ RCSS တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီးအုမ်ခေးက ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လယ် ၁၂ နာရီခန့်အထိ နှစ်ဖက်တပ်ဖွဲ့များ စစ်ရေးတင်းမာမှု ဆက်လက်ရှိခဲ့ပြီး ယခုအချိန်တွင် တည်ငြိမ်သွားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်ကလည်း TNLA တပ်မဟာ(၄) လက်အောက်ခံတပ်ရင်းမှ လူအင်အား ၅၀ ခန့်နှင့်နယ်မြေတွင်း စစ်ဆေးရေးပြုလုပ်နေသည့် RCSS နယ်မြေခံတပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း RCSS က ထုတ်ပြန်သည်။
ယခုတိုက်ပွဲနှင့်ပတ်သက်၍ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို မော်ကွန်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီး TNLA က NCA လက်မှတ်မရေးထိုးရသေးပေ။
#Dailynews

