ရန်ကုန်-၂၀၂၅ ဩဂုတ် ၅ (မော်ကွန်း)
မကွေးတိုင်းထဲမှာ ပြီးခဲ့တဲ့လအတွင်း စစ်ကောင်စီလက်ချက်နဲ့ အရပ်သား ၂၃ ဦး သေဆုံးခဲ့ရတယ်လို့ မကွေးဒေသက ပဋိပက္ခကိုစောင့်ကြည်တဲ့ တမာအင်စတီကျုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက အရပ်သားနေအိမ် အလုံး ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး မြို့နယ်ခုနစ်ခုကို လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်လုပ်ခဲ့တယ်လို့ ဒီလစဉ်အစီရင်ခံစာမှာဖော်ပြတယ်။
ဒါအပြင် မြို့နယ် ၁၃ ခုမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ တစ်သောင်းကျော်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ အဓမ္မစစ်မှုထမ်းခိုင်းဖို့ အရပ်သား ၁၂၀ ကျော်ကိုလည်း ဇူလိုင်လအတွင်း ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဇွန်လထဲမှာလည်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် မကွေးတိုင်းထဲမှာ အရပ်သား ၂၄ ဦး သေဆုံးခဲ့ရသလို နေအိမ် ၁၃၅ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါသေးတယ်။
ဒါအပြင် လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်လုပ်ပြီး အရပ်သား ၆၃ ဦးကို အဲဒီလထဲမှာ ပေါ်တာဆွဲ ခဲ့တယ်လို့ တမာအင်စတီကျုက ဖော်ပြပါတယ်။
တိုက်ပွဲတွေကြောင့် ဇွန်လအတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရသူ ၂၈,၀၀၀ ကျော် ရှိခဲ့တယ်လို့ တမာအင်စတီကျုက ဖော်ပြပါတယ်။
ပုံစာ- မကွေးတိုင်းထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PLA က တပ်ဖွဲ့ဝင်တစ်ဦး
ဓါတ်ပုံ- PLA

