ပလက်ဝတွင် ပထမဦးဆုံး COVID -19 လူနာလေးဦးတွေ့ရှိ

ပလက်ဝတွင် ပထမဦးဆုံး COVID -19 လူနာလေးဦးတွေ့ရှိ

ရေဂင်
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၉ (မော်ကွန်း)

ချင်းပြည်နယ် ပလက်ဝမြို့တွင် ရန်ကုန်မှ ပြန်လာသည့် ကျောင်းသားများသုံးဦးနှင့်ဆရာတစ်ဦးတွင် COVID-19 တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ ပလက်ဝမြို့တွင် ပထမဆုံး ကိုဗစ်လူနာများဖြစ်ကြောင်း ပလက်ဝမြို့နယ် အထွေထွေဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ စောသက်ဝင်းက ပြောသည်။

၎င်းတို့မှာ ရန်ကုန်မှ သီးသန့်ကားဖြင့် နိုဝင်ဘာ ၁၃ ရက်က ထွက်လာခဲ့ပြီး ယနေ့ နံနက်တွင် ပလက်ဝမြို့သို့ ရောက်ရှိလာခဲ့ရာ ကျန်းမာရေး စစ်ဆေးရာတွင် Positive တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး ပလက်ဝမြို့နယ် ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိထားကြောင်း ၎င်းကရှင်းပြသည်။

“ဘာရောဂါလက္ခဏာမှ မပြတဲ့အတွက် လောလောဆယ် ပလက်ဝမှာဘဲ စောင့်ကြည့်အနေနဲ့ ထားထားသေးတယ်။ တကယ်လို့ ရောဂါက အခြေအနေ တစ်ခုခုဖြစ်လာရင် မတူပီဆေးရုံကို ပို့ဖို့တော့ စီစဉ်ထားပါတယ်။ ဒီမှာကတော့ ဆေးပစ္စည်းက မပြည့်စုံဘူး” ဟု ဒေါက်တာ စောသက်ဝင်းက ပြောသည်။

၎င်းတို့နှင့် ထိစပ်ခဲ့သူများစာရင်းကို ကောက်ယူနေဆဲဖြစ်ပြီး လက်ရှိ ပလက်ဝဆေးရုံတွင် အရေးပေါ်အောက်စီဂျင်အသုံးပြုရန် လျှပ်စစ်မီးလိုနေပြီး၊ လုံလောက်သည့် အထောက်အပံ့ပစ္စည်းများမရှိကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးဟောင်း ဆလိုင်းအိုင်းဇက်ခင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် COVID ဓါတ်ခွဲအတည်ပြုလူနာ (၇၃, ၃၂၂) ဦးရှိနေပြီး ပြန်လည်ကောင်းမွန်လာသည့်လူနာ (၅၀, ၀၀၀) ကျော်၊ သေဆုံးလူနာ (၁,၅၀၀) ကျော်ရှိကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ အချက်အလက်များအရသိရပြီး ချင်းပြည်နယ်တွင် နိုဝင်ဘာ (၁၈) ရက်အထိ COVID ဓါတ်ခွဲခန်းအတည်ပြုလူနာပေါင်း (၇၆) ဦးအထိ တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း ဖေါ်ပြထားသည်။

ပလက်ဝမြို့နယ်မှာ တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွါးခဲ့သည့် ဒေသတစ်ခုဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူပေါင်း (၅,၀၀၀) ကျော်ရှိနေသည်။ ထို့အပြင် စားနပ်ရိက္ခာ ပြတ်လပ်မှုများကြောင့် ဆမီးမြို့မှ တစ်လလျှင်တစ်ကြိမ် စစ်တပ်လုံခြုံရေး အကူအညီဖြင့် ရိက္ခာပို့ဆောင်ပေးနေရသည့် ဒေသလည်းဖြစ်သည်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."