ဝက်လက် – ၂၀၂၃ ဩဂုတ် ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာနဲ့ လှတောရွာကြားမှာ ဒီနေ့မနက် ၈း၀၀ နာရီ ဝန်းကျင် အာဏာသိမ်းစစ်တပ်၊စစ်ကြောင်းထွက်သွားပြီးနောက် လည်လှီးအသတ်ခံထားရတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦးကို တွေ့ခဲ့ရတယ်လို့ Wetlet Informational Network အဖွဲ့ဆီကသိရပါတယ်။
ကျီးကန်မြောက်ရွာကို အာဏာသိမ်းစစ်တပ်က မနေ့မနက် ၄း၀၀ နာရီခန့်က ဝင်ရောက်လာပြီးနောက် အမျိုးသမီးတစ်ဦး၊ အမျိုးသားသုံးဦးကို ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
” သူတို့ကမရှောင်တိမ်းတာ၊ ဆင်းရဲရှာတော့၊ စားစရာသောက်စရာမရှိတော့ မရှောင်ဘဲ ဘုန်းကြီးကျောင်းမှာနေတာကိုမိသွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အသတ်ခံထားရတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးဆိုရင် မုဒိန်းကျင့်ခံထားရတဲ့ပုံစံတွေ့ရတယ်လို့ အလောင်းမြင်တွေ့ခဲ့ရတဲ့ Wetlet Informational Network အဖွဲ့တာဝန်ရှိသူ ကပြောပါတယ်။
“အမျိုးသမီးကို သူတို့က မုဒိန်းကျင့်သွားတယ်၊ နောက်ပြီး အမျိုးသမီးအင်္ဂါမှာ Royal-D ဘူး ထည့်ထားတယ်၊ နောက်ပြီးလေးယောက်လုံးကိုသတ်သွားတာက ပစ်သတ်သွားတာမဟုတ်ဘူး၊ လည်ပင်းကိုဓားနဲ့တေ့ပြီး လှီးသတ်သွားတာ”လို့ Wetlet Informational Network အဖွဲ့တာဝန်ရှိသူ ကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့ကနောက်ဆုံးထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးရသူ အနည်းဆုံး ၄,၀၀၀ ရှိလာပြီး အဲဒီအထဲမှာ အမျိုးသမီး ၆၀၀ ကျော်ပါဝင်ပါတယ်။
ကျီးကန်မြောက်ရွာကိုဝင်လာတဲ့အာဏာသိမ်းစစ်တပ်စစ်သားတွေက ပြည်သူတစ်ဦးရဲ့ကားထဲက
သိန်း ၅၀၀ ကျော်နဲ့ အခြားပြည်သူတစ်ဦးရဲ့ဆွဲကြိုးကိုလည်း ဖြုတ်ယူသွားခဲ့တယ်လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကျီးကန်မြောက်ရွာထဲကနေ ဒီနေ့မနက်အစောပိုင်းမှာ ပင်းဇင်းရွာထဲကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ပြီးနောက် ဝက်လက်မြို့ပေါ်ကို ပြန်ဝင်သွားခဲ့ပါတယ်။
ပုံစာ – ယနေ့ အသတ်ခံထားရတဲ့ ဝက်လက်ဒေသခံများ
ဓာတ်ပုံ – Wetlet Informational Network
#Dailynews

