NLD ပါတီက ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် တိုင်းရင်းသားပါတီတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တာ တစ်ပတ်ပြည့်ပါပြီ။ ဘယ်တိုင်းရင်းသားပါတီတွေ အကြောင်းပြန်ကြားကြ ပြီလဲ၊ တိုင်းရင်းသားပါတီတွေနဲ့ပတ်သက်လို့ ဘယ်မူဝါဒတွေနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိမလဲ၊ ဒါတွေကို သိရှိနိုင်ဖို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်ကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ် မေးမြန်း ထားပါတယ်။
အောင်ထူးနိုင် – ဆက်သွယ်မေးမြန်းသည်။
မော်ကွန်း။ ။ NLD ပါတီက တိုင်းရင်းသားပါတီတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တာ တစ်ပတ်ပြည့်ပါပြီ။ ဘယ်ပါတီတွေက အကြောင်းပြန်ကြပြီလဲခင်ဗျ။
ဒေါက်တာမျိုးညွန့်။ ။ တရားဝင်အကြောင်းပြန်ကြားတာတော့ ကျွန်တော်တို့ မတွေ့သေးဘူးခင်ဗျ။ မီဒီယာ တွေနဲ့ သူတို့ရဲ့ သဘောထားပြောတာ တချို့တော့ တွေ့ပါတယ်။
မော်ကွန်း။ ။ မီဒီယာတွေကနေ ဘယ်ပါတီတွေက NLD ကို သတင်းစကားပါးတာ တွေ့ရပါသလဲ။
ဒေါက်တာမျိုးညွန့်။ ။ မီဒီယာနဲ့ ပြောတာပဲ ရှိတယ်ခင်ဗျ။ ကျွန်တော်တို့ ရုံးကိုတော့ တိုက်ရိုက်အကြောင်းပြန်တာ မရှိသေးပါဘူး။ ရွေးကောက်ပွဲအောင်နိုင်ကြောင်းတော့ ‘ဝ’ က ဦးပေါက်ယူချမ်းရဲ့ စာ တော့ ကျွန်တော် တွေ့လိုက်တယ်။ ကျန်တာတော့ ကျွန်တော်သတိမထားမိသေးဘူးခင်ဗျ။
မော်ကွန်း။ ။ တစ်ပတ်လောက်ရှိပြီ။ သူတို့ဘက်က တရားဝင်အကြောင်းပြန်ကြားမှုမလုပ်ဘူးဆိုတော့ ဘာကြောင့်လို့ ထင်ပါသလဲ။
ဒေါက်တာမျိုးညွန့်။ ။ ကျွန်တော်တို့ပို့လိုက်တာက စာတိုက်နဲ့ပို့လိုက်တာကိုး။ တရားဝင်အခုမှ သူတို့ဆီကို စာရောက်ကြတယ်ခင်ဗျ။ တစ်ပတ်ဆယ်ရက် အဲဒီလောက်အထိ ကြာသွားတာပေါ့။ အဲဒါကြောင့် စာရောက်တာ နောက်ကျလို့လို့ပဲ လောလောဆယ် ထင်ပါတယ်။
မော်ကွန်း။ ။ တချို့တိုင်းရင်းသားပါတီတွေဆီက ကြားရတာက NLD ပါတီအနေနဲ့ ဒီလိုစာပို့တာဟာ သူတို့ အပေါ် လေးနက်မှုမရှိဘူးလို့ ခံစားနေကြတယ်၊ သူတို့နဲ့ ထိရောက်တဲ့ ရင်းနှီးမှုရဖို့အတွက် ဘာတွေဆက်လုပ်သွားဖို့ ရှိမလဲ။
ဒေါက်တာမျိုးညွန့်။ ။ ကျွန်တော်တို့ကတော့ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၂) ဆရာဒေါက်တာဇော်မြင့်မောင် ပြောသလိုပါပဲခင်ဗျ။ ကျွန်တော်တို့မှာ တိုင်းရင်းသားတွေနဲ့တွေ့ဆုံဖို့က ၂၀၂၀ နှစ်ဦးပိုင်းကတည်းက တိုင်းရင်းသား ရေးရာအဖွဲ့ဖွဲ့ထားတယ်။ လောလောဆယ်တော့ ဒီအဖွဲ့က အလုပ်မလုပ်ပေမယ့် အခုတော့ ပြန်ပြီးတော့ အသက် ဝင်လာပါပြီ။ ပြီးတော့ ဒီအဖွဲ့နဲ့ ဆောင်ရွက်လို့ရပါတယ်။
မော်ကွန်း။ ။ ဒါဆိုရင် NLD အနေနဲ့က တိုင်းရင်းသားအရေးတွေနဲ့ပတ်သက်လို့ လက်ရှိဖွဲ့ထားတဲ့ ကော်မတီနဲ့ ပဲ ဆက်လုပ်သွားမယ်ဆိုတဲ့ သဘောမျိုးပေါ့။
ဒေါက်တာမျိုးညွန့်။ ။ အဲဒီကတစ်ဆင့် ကျွန်တော်တို့ သဘောထားတွေ ညှိနှိုင်းလို့ ရတာပေါ့ခင်ဗျ။
မော်ကွန်း။ ။ NLD အနေနဲ့ အခုပြန်ဖွဲ့မယ့် အစိုးရသစ်မှာ တိုင်းရင်းသားအရေးတွေကို အရင်ထက်ပိုပြီးတော့ လုပ်ဖို့ဆိုတဲ့ စဉ်းစားချက်မျိုးရော ရှိပါသလားခင်ဗျ။
ဒေါက်တာမျိုးညွန့်။ ။ တိုင်းရင်းသားများရဲ့ဆန္ဒသဘောထားကို အလေးထားစဉ်းစားသွားမယ်လို့ ကျွန်တော်တို့ကတော့ ကြေညာထားပါတယ်။ ဖြစ်နိုင်ရင် တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ဦးစားပေးလို့ရတဲ့နေရာတိုင်းမှာ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားသွားပါမယ်။
Photo – Aung Htoo Naing
#Interview

