မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ဘာကြောင့် မြင့်တက် နေရတာလဲ၊ သိသိသာသာ လျော့ပါးပျောက်ကွယ်ဖို့ ဘာတွေ လုပ်ဖို့လိုမလဲ၊ နောက်အစိုးရသစ်အနေနဲ့ ဘယ်လိုကိုင်တွယ်သင့် လဲဆိုတာတွေကို သိရဖို့ မော်ကွန်းမဂ္ဂဇင်းက Transnational Institute (TNI) မှ သုတေသီ မစ္စတာတွမ်ခရေမာ (Tom Kramer) ကို အီးမေးလ်ကတစ်ဆင့် မေးမြန်းထားပါတယ်။ TNI အဖွဲ့ဟာ နယ်သာလန်အခြေစိုက် နိုင်ငံတကာသုတေသနနဲ့ မူဝါဒ ပြောင်းလဲရေး လျှောက်လဲတင်ပြတဲ့ အဖွဲ့အစည်းဖြစ်ပြီး ၂ဝ၁၄ တုန်းက ‘တစ်ကျော့ပြန်-မူလအခြေအနေဆိုးသို့ ပြန်လည်ဆိုက် ရောက်လာသည့် ရွှေတြိဂံဒေသ’ အမည်ရှိ အစီရင်ခံစာကို ထုတ် ပြန်ခဲ့ပါတယ်။
မော်ကွန်း။ ။ ဘိန်းစိုက်တဲ့ဧကဟာ ဘာကြောင့် ဆက်မြင့်နေရ တာလဲ။
ခရေမာ။ ။ မြန်မာမှာ ဘိန်းစိုက်ပျိုးမှုကို မောင်းနှင်နေတဲ့ အရေး ကြီးတဲ့အကြောင်းတရားတွေထဲက တစ်ခုက ဆင်းရဲမွဲတေမှုပဲ။ စိုက်တဲ့သူအများစုဟာ တိုင်းရင်းသားလူနည်းစုနေရာတွေက ဆင်းရဲတဲ့တောင်သူတွေပါ။ သူတို့က စားနပ်ရိက္ခာရှားပါးတာကို ဖြေရှင်းဖို့၊ အိမ်မှာလိုအပ်တဲ့ အခြေခံပစ္စည်းပစ္စယတွေ ဝယ်ဖို့၊ သူတို့ကလေးတွေအတွက် ပညာရေးနဲ့ ကျန်းမာရေးလက်လှမ်းမီ ဖို့အတွက် ဝင်ငွေရဖို့ ဘိန်းကို စိုက်ကြတာ။ ဒီဒေသတွေမှာ အခြေ ခံ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လိုအပ်တဲ့ဆေးဝါးတွေကို လက် လှမ်းမမီကြဘူး။ အဲဒီကလူတွေက ဘိန်းကို အကိုက်အခဲပျောက် ဆေးအနေနဲ့ အသုံးချသလို ဝမ်းလျှောရောဂါနဲ့ အခြားကျန်းမာ ရေးပြဿ နာတွေကို ကုသဖို့လည်း ဘိန်းကို အသုံးချကြတယ်။ ရိုးရာဓလေ့ထုံးစံအနေနဲ့ သုံးတာလည်းရှိတယ်။ ဥပမာ-မင်္ဂလာ ဆောင်တွေ၊ အသုဘတွေမှာဆိုရင်လည်း ဧည့်သည်တွေကို (ဘိန်းနဲ့) ဧည့်ခံကြတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဆက်ဖြစ်နေတာကြောင့်လည်း ဘိန်းစိုက်ပျိုးမှုဟာ ဖြစ်နေရတယ်။ နောက်ဆုံးအနေနဲ့ ဒေသ တွင်း၊ အထူးသဖြင့် တရုတ်ရဲ့ ဘိန်း(အထူးသဖြင့် ဘိန်းဖြူ)လို အပ်မှုကလည်း ဘိန်းစိုက်ပျိုးရေးကို တွန်းအားပေးနေတယ်။
မော်ကွန်း။ ။ တရားမဝင်တဲ့ သီးနှံစိုက်ပျိုးနေတာကို လျှော့ချဖို့နဲ့ ပပျောက်အောင်လုပ်ဖို့ အခြေခံကျတဲ့ ဘယ်လိုအကြောင်းတရား တွေကို ဖြေရှင်းဖို့လိုမလဲ။
ခရေမာ။ ။ ပထမဆုံးဖြေရှင်းပေးရမှာက ဆင်းရဲတဲ့ကိစ္စပဲ။ အထီး တည်းဖြစ်နေပြီး ဆင်းရဲတဲ့ဒီဒေသတွေကို အစိုးရအနေနဲ့ ထောက်ပံ့တာတွေ လုပ်ဖို့လိုမယ်။ အခြေခံအဆောက်အအုံနဲ့ အခြေခံလိုအပ်တဲ့ဝန်ဆောင်မှုတွေ ပံ့ပိုးပေးဖို့လိုတယ်။ အခုလော လာဆယ်ဖြစ်နေတဲ့ ဘိန်းပင်တွေ ပပျောက်ဖို့ကို အာရုံစိုက်တာ ထက် ဘိန်းစိုက်နေတဲ့နေရာတွေကို ထောက်ပံ့ပေးတဲ့အပိုင်းကိုပဲ အာရုံစိုက်သင့်တယ်။
အစိုးရဟာ ပြည့်စုံတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင် တာဟာ အရမ်းအရေးကြီးတဲ့ကိစ္စပါ။ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ရောင်းဝယ်မှုတွေမှာ အလွန်အကျွံပါဝင်ပတ်သက်နေတဲ့ ပြည်သူ့ စစ်အဖွဲ့တွေကို ထောက်ပံ့နေတာကိုလည်း မြန်မာတပ်မတော် အနေနဲ့ ရပ်တန့်သင့်ပါတယ်။
မော်ကွန်း။ ။ ၁၉၉၉ ကနေ ၂ဝ၁၄ အထိ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက် ရေး ၁၅ နှစ်စီမံကိန်းဟာ မအောင်မြင်ခဲ့ဘူး။ ဘာကြောင့် အလုပ် မဖြစ်တာလို့ မှတ်ချက်ပေးနိုင်မလဲ။
ခရေမာ။ ။ မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသ၊ တိုင်းပြည်ဖြစ်ဖို့ကို အာရုံစိုက်နေမယ့်အစား အစိုးရဟာ ပိုပြီးလက်တွေ့ကျတဲ့၊ ရောက်နိုင်လောက်တဲ့ မူဝါဒရည်မှန်းချက်တွေကို ချမှတ်သင့်ပါ တယ်။ မူးယစ်ဆေးဝါးသုံးနေတဲ့သူတွေကို ဖမ်းနေမယ့်အစား အန္တရာယ်လျှော့ချရေးအပါအဝင် ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ဝန် ဆောင်မှုတွေကို ပံ့ပိုးပေးတဲ့အပိုင်းကို အာရုံစိုက်သင့်တယ်။
အထက်မှာပြောခဲ့သလို အစိုးရဟာ ဆင်းရဲမှုနဲ့ ပဋိပက္ခ ဖြေ ရှင်းတာတွေအပါအဝင် ဘိန်းစိုက်ပျိုးမှုနဲ့ပတ်သက်တဲ့ ပြဿ နာ တွေကိုဖြေရှင်းဖို့ ဖွံ့ဖြိုးရေးဆိုင်ရာချဉ်းကပ်မှုတွေကို အာရုံစိုက် သင့်တယ်။
မော်ကွန်း။ ။ မအောင်မြင်ခဲ့တဲ့ အဲဒီအစီအစဉ်က UNODC နဲ့ မြန်မာအစိုးရ အကောင်အထည်ဖော်နေတဲ့ (ဘိန်းစိုက်ပျိုးမှု လျှော့ချရေး) လေးနှစ်စီမံကိန်းအတွက် ဘယ်လိုသင်ခန်းစာတွေ ရသလဲ။
ခရေမာ။ ။ ရေတိုချဉ်းကပ်နည်းတွေက အလုပ်မဖြစ်ဘူး။ လိုအပ် တာက ဆင်းရဲမှုကိုလျှော့ချဖို့ ဘက်ပေါင်းစုံပါဝင်ပြီး ရေရှည် သဘောဆောင်တဲ့ ချဉ်းကပ်မှုတွေလိုတယ်။ ဘဝတွေနဲ့ အသက် မွေးဝမ်းကျောင်းတွေအပေါ် သက်ရောက်မှုရှိတဲ့ မူဝါဒတွေ၊ အစီ အစဉ်တွေကို ရေးဆွဲ၊ အကောင်အထည်ဖော်ပြီး သုံးသပ်ကြတဲ့ အထဲမှာ ဘိန်းစိုက်သူတွေ ပါဝင်ဖို့ကလည်း အရေးကြီးတယ်။
မော်ကွန်း။ ။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် တွေကို သတင်းသွားလိုက်ပြီးပြန်လာတဲ့ ကျွန်တော်တို့သတင်း ထောက်တွေ ပြန်ပြောပြတာက တောင်သူတွေဟာ သူတို့ ဘိန်း စိုက်ခွင့်၊ ဘိန်းကုန်ကူးခွင့်ရဖို့ သူတို့ဒေသမှာရှိတဲ့ ပြည်သူ့စစ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာတပ်မတော်အရာရှိ တွေကို ပိုက်ဆံပေးရတယ်၊ အခွန်ပေးရတယ်လို့ဆိုတယ်။ အဲဒီ အဖွဲ့တွေရဲ့ ပါဝင်မှုမရှိရင် ဘိန်းဆိုတာစိုက်လို့မရဘူး၊ ကုန်ကူးလို့ ရမှာ မဟုတ်ဘူးလို့ ဝေဖန်တဲ့သူတွေကလည်း ထောက်ပြကြ တယ်။ ဒီအပေါ်မှာ ခင်ဗျားတို့ ဘယ်လိုမြင်လဲ။
ခရေမာ။ ။ ဆယ်စုနှစ်အတော်ကြာ ပြည်တွင်းစစ်ဖြစ်ပြီးနောက်ပိုင်း ပဋိပက္ခမှာ ပါဝင်တဲ့သူတွေအထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု မှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ ပြောနိုင်တာ မရှိသလောက် နည်းတယ်။ သူတို့တစ်တွေရဲ့ပါဝင်မှုက တစ်ဖွဲ့နဲ့တစ်ဖွဲ့မတူကြဘူးဆိုရင်တောင် တချို့က ဘိန်းတောင်သူတွေကို အခွန်ကောက် ကောင်းကောက်မယ်။ တချို့က မူးယစ်ဆေးဝါးရောင်းဝယ်သူ တွေကို အခွန်ကောက်ကောင်းကောက်မယ်။ အခြားအဖွဲ့တွေက ဘိန်းဖြူ၊ ဒါမှမဟုတ် စိတ်ကြွရူးသွပ်ဆေးပြားထုတ်ရာမှာ ပါဝင် ပတ်သက်ကောင်းပတ်သက်မယ်။
မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ပတ်သက်ရင် တိုင်းရင်းသား အဖွဲ့တစ်ဖွဲ့၊ ဒါမှမဟုတ် ပဋိပက္ခဖြစ်နေတဲ့အဖွဲ့ကို အပြစ်တင်ရတာ က အစိုးရအတွက်ကော၊ နိုင်ငံတကာအသိုင်းအဝိုင်းအတွက်ပါ အဆင်ပြေနေတယ်။ တကယ်တော့ အောက်ခြေမှာ ပါဝင်ပတ် သက်နေတဲ့အဖွဲ့တွေ အများကြီးရှိနေတဲ့အနေအထားမှာ ဒါဟာ အရှိတရားကို မျက်ကွယ်ပြုတာပဲ။ မြန်မာနိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေမှာ အစိုးရအရာရှိတွေ (မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ) ပါဝင်ပတ်သက်မှုရှိနေတဲ့အချက်၊ ခြစားမှုတွေရှိနေတယ်ဆိုတဲ့ အချက်ကို မျက်ကွယ်ပြုရာလည်း ကျပါတယ်။
မော်ကွန်း။ ။ ဒီပြဿ နာ (ဘိန်းစိုက်ပျိုးတဲ့ပြဿ နာ)ကို ကိုင်တွယ် ဖို့ အစိုးရသစ်ကို ဘယ်လိုအကြံပေးချင်လဲ။
ခရေမာ။ ။ လက်ရှိမြန်မာနိုင်ငံက မူးယစ်ဥပဒေက ဖိနှိပ်တဲ့ဟာ ဖြစ်နေတယ်။ ဒါကို ပြောင်းလဲသင့်တယ်။ (ဥပဒေအသစ်ပြဋ္ဌာန်းဖို့) ဥပဒေကြမ်းတော့ ရေးပြီးသွားပြီ။ ဒါပေမဲ့ အတည်မပြုရသေး ဘူး။ ဘိန်းစိုက်ပျိုးမှုနဲ့သက်ဆိုင်တဲ့ပြဿ နာတွေကို ကိုင်တွယ်ဖြေ ရှင်းတဲ့နေရာမှာ မြန်မာနိုင်ငံက မူးယစ်မူဝါဒဟာ Deadline (ပြီး စီးဖို့ နောက်ဆုံးအချိန်သတ်မှတ်ချက်)ကို အခြေခံတဲ့ စဉ်းစားပုံ၊ မူးယစ်ကင်းစင်ရမယ်ဆိုတဲ့ ပန်းတိုင်တွေကနေ ဖယ်ခွာပြီးတော့ မူးယစ်သုံးစွဲသူတွေရှိတယ်ဆိုတာကို လက်ခံပြီး သူတို့တစ်တွေ အတွက် အ္တနရာယ်လျှော့ချရေးကိစ္စတွေ မြှင့်တင်သင့်တယ်။
ပြီးတော့ ဘိန်းစိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့ပြဿ နာတွေကို ဖြေရှင်းဖို့ ဖွံ့ဖြိုးရေးဘက်က ချဉ်းကပ်မှုတွေကိုလည်း လုပ်ဆောင် သင့်တယ်။ မူးယစ်မူဝါဒက လူ့အခွင့်အရေးကို လေးစားသင့်တယ်။ ပြီးတော့ ဘိန်းစိုက်တောင်သူတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ရာဇဝတ်သားတွေအဖြစ် မမြင်သင့်ဘူး။ ။
၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။
မော်ကွန်း သတင်းအဖွဲ့ မေးမြန်းသည်။

