အောင်ပိုင်
ရန်ကုန် – ၂၀၂၀ နို၀င်ဘာ ၈ (မော်ကွန်း)
တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြိုတင်ဆန္ဒမဲစာရင်းတွင် သမ္မတဦးဝင်းမြင့်သည် ဆန္ဒမဲအများဆုံး ရရှိထားသည်။
ပြည်သူ့လွှတ်တော်အတွက် ကြိုတင်ဆန္ဒမဲစုစုပေါင်း ၁, ၈၈၃ မဲအနက် ဦးဝင်းမြင့်သည် ၁,၇၈၄ မဲရရှိထားသည်ဟု တာမွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကအတည်ပြုသည်။
ကြံ့ခိုင်ရေးပါတီမှ ဦးမျိုးဝင်းကျော်သည် ၅၉ မဲသာရရှိထားပြီး တခြားသော ပါတီများသည် အားလုံးပေါင်း မဲ ၂၀ ပင် မပြည့်ပေ။
ပြည်သူ့လွှတ်တော်အတွက် တာမွေမြို့နယ်တွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အခြေခံလူတန်းစားမြှင့်တင်ရေးပါတီ စသည့် ပါတီငါးခုမှ ကိုယ်စားလှယ်လောင်း ငါးဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။
ထိုထဲတွင် ကိုယ်စားလှယ်လောင်း ကွယ်လွန်ခဲ့သည့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မပါရှိပေ။
ယနေ့ည ကိုးနာရီအချိန် တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြည်သူ့လွှတ်တော်အတွက် ကြိုတင်ဆန္ဒမဲများကို ရေတွက်ပြီးစီးခဲ့ပြီး ကျန်ဆန္ဒမဲများကို ဆက်လက်ရေတွက်နေဆဲ ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဦးဝင်းမြင့်သည် တာမွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတရာထူးများကို ရရှိခဲ့သည်။
ဓါတ်ပုံ – အောင်ပိုင်
#Dailynews

