ရန်ကုန် – ၂၀၂၅ မတ် ၂၄ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်ကြား ပုသိမ်-မုံရွာ ကားလမ်းအနီးက ကျေးရွာတချို့ကို ဒီနေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ပုသိမ်-မုံရွာ ကားလမ်းရဲ့အနောက်ဖက် ရခိုင်ရိုးမတောင်ခြေအနီးက တုံးတော၊ ဝက်ကုန်း၊ လဲခုံကြီးနဲ့ လဲခုံလေး ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေပြီး ဒီကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
လေးမျက်နှာမြို့က ဒေသခံတစ်ဦးက “မနက်ပိုင်းက ဂျက်ဖိုက်တာနှစ်စင်း လာချသွားတယ်။ နေ့ခင်းဘက် ခဏနားပြီးတော့ တစ်နာရီလောက်ကြာတယ်ထင်တယ်။ စက်တပ်လေထီးနှစ်စီးနဲ့ ထပ်ပြီးလာချသွားတယ်။ အဲဒီနားကရွာတွေတော့ ကုန်လောက်ပြီ” က ဒီနေ့မွန်းလွဲပိုင်းမှာ မော်ကွန်းကိုပြောပါတယ်။
၎င်းတိုက်ပွဲတွေကြောင့် ရခိုင်ရိုးမအစပ်နားက ကျေးရွာငါးရွာခန့်က ဒေသခံထောင်နဲ့ချီပြီး ဘေးလွတ်ရာရွာတွေနဲ့ မြို့တွေကို တိမ်းရှောင်နေကြရတာပါ။
ဒါ့အပြင် ငသိုင်းချောင်း-ဂွကားလမ်းပေါ်က ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ အမြှောက်တပ်ဖြစ်တဲ့ အမတ (၃၄၄) အနီးမှာလည်း ပြီးခဲ့ရက်က တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ခဲ့ပါသေးတယ်။
ဒီအမြှောက်တပ်ရဲ့ အဓိက လက်နက်ကြီးစခန်းတစ်ခုကိုလည်း စစ်ကောင်စီတပ်ဟာ နောက်ဆုတ်ပေးလိုက်တယ်လို့ စစ်ရေးသုံးသပ်ချက်တွေ ရေးသားနေတဲ့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော် ဒီမနက်မှာ သုံးသပ်ထားပါတယ်။
“ဧရာဝတီတိုင်း မြောက်စမ်း အမြောက်တပ်ရဲ့ အဓိ ကလက်နက်ကြီး စခန်းတွေထဲမှာ ပုသိမ် မုံရွာ ကားလမ်းပေါ်က ညောင်အိုင်စခန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဆိုပါ အမြောက်စခန်းဟာ လက်ပံပင်လမ်းဆုံအနီး ဒေသအခေါ် မြိုင်သာယာအထိ နောက်ဆုတ် အခြေပြု ထားလိုက်ရပြီဖြစ်ပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
၎င်း အမတ (၃၄၄) အမြှောက်တပ်ရင်းဟာ AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကြောင့် စစ်ကောင်စီအနေနဲ့ ဧရာဝတီတိုင်းအတွင်း ပထမဦးဆုံး လက်လွှတ်ရမယ့် တပ်စခန်းတစ်ခုဖြစ်လာဖွယ်ရှိတယ်လို့ စစ်ရေးလေ့လာသူတချို့က သုံးသပ်နေကြပါတယ်။
လက်ရှိတိုက်ပွဲတွေကြောင့် ရေကြည်၊ လေးမျက်နှာနဲ့ငသိုင်းချောင်း မြို့နယ်တွေက ဒေသခံတချို့ဟာ ကြိုတင်ပြီး စစ်ဘေးရှောင်နေကြတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“ပုသိမ် – မုံရွာလမ်းမဘေး ပန်းတောကြီးနဲ့ ရေနံ့သာလမ်းဆုံကြားက ရွာတော်တော်များများ စစ်ရှောင်ကုန်ပြီပေါ့။ ဒီထက်အခြေအနေဆိုးရင်တော့ ပန်းတောကြီးတို့ ကွင်းကောက်တို့ထိ ရောက်လာနိုင်တယ်။ အောက်ဘက်မှာလည်း ငသိုင်းချောင်း၊ ရေကြည်အထိ ရိုက်ခတ်လာနိုင်တာပေါ့” လို့ လေးမျက်နှာမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းထဲက ရေကြည်။ လေးမျက်နှာ၊ ရွှေသောင်ယံ၊ သာပေါင်းမြို့နယ်တွေမှာ ဒီနှစ်ဆန်းပိုင်းကစပြီး AA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားလာပြီး တိုက်ပွဲတွေစတင်ဖြစ်လာတာပါ။
ပုံစာ – ဧရာဝတီတိုင်းနဲ့ ဆက်စပ်နေတဲ့ ရခိုင်တောင်ပိုင်း ဂွမြို့ကို သိမ်းယူထားတဲ့ AA တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – AA Info Desk

