





သတင်းဓာတ်ပုံ – ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၈ (မော်ကွန်း)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာမဲရုံ အမှတ် ၂ တွင် မဲစာရွက်မှားယွင်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် နစ်နာခဲ့သည့် မဲဆန္ဒရှင် ၅၀ ကို ပြန်လည် မဲပေးနိုင်ရန် ညှိနှိုင်းဖြေရှင်းပေးခဲ့သည်ဟု ထိုမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။
မဲရုံ၏ ဆန္ဒမဲလက်မှတ်စီစဉ်ပေးမှုတွင် ထိုမြို့နယ်၏ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲလက်မှတ်များမပါဝင်ခဲ့ဘဲ အမျိုးသားလွှတ်တော်တစ်မဲနှင့် ပြည်သူ့လွှတ်တော်နှစ်မဲကို မှားယွင်းစွာဆန္ဒပြုခိုင်းမှုကြောင့် မဲဆန္ဒရှင် ၅၀ ဦးခန့် မှားယွင်းမဲပေးမိခဲ့ကြသည်။
ထိုသို့ မှားယွင်းဆန္ဒပြုမိခဲ့သူများသည် ပြန်လည်မဲပေးခွင့်ရရေး တောင်းဆိုခဲ့သည်။
ယင်းနောက် ကိုယ်စားလှယ်လောင်းများနှင့် ကော်မရှင်အဖွဲ့ခွဲများညှိနှိုင်းကာ မဲဆန္ဒရှင်များ ပြန်လည် ဆန္ဒပြုခွင့်ရရေးစီစဉ်ခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့သည်ဟု ဦးမြင့်လွင်က ရှင်းပြသည်။
#Dailynews

