သဇင်လတ်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၄ (မော်ကွန်း)
လာမည့်ရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေးသင်တန်းပေးနေသော အထူးရဲ ၁၅၅ ဦး တွင် COVID -19 ရောဂါပိုး တွေ့ရှိထားပြီး ၎င်းတို့ကို မဲရုံလုံခြုံရေး တာဝန်ပေးတော့မည် မဟုတ်ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟ ကမော်ကွန်း သို့ပြောသည်။
“ယခုအချိန်အထိ ရောဂါပိုးတွေ့သောအထူးရဲတပ်ဖွဲ့ဝင်နေရာများအား ရောဂါပိုးကင်းရှင်းသော အထူးရဲတပ်ဖွဲ့ ဝင်များဖြင့်အစားထိုးတာဝန်ထမ်းဆောင်စေမှာဖြစ်ပါတယ်”ဟု ရဲမှူးကြီးက ဆိုသည်။
အထူးရဲများကို ကနဦး ရွေးချယ်ခန့်ထားစဉ်က လိုအပ်သည့်အထူးရဲအရေအတွက်ထက်ပိုမိုရွေးချယ်ထားကာ အရံအဖြစ်ထားရှိထားသဖြင့်ရောဂါပိုးကူးစက်ခံထားရသူများ နေရာတွင် ထိုသူများတာဝန်ထမ်းဆောင်ခိုင်းမည် ဖြစ်ကြောင်း၎င်းကရှင်းပြသည်။
အရံထားရှိသည့် အထူးရဲမည်မျှရှိသည်ကိုမေးမြန်းရာတွင်မူ ရဲမှူးကြီးမှ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ချေ။
မဲရုံလုံခြုံရေးသင်တန်းများကို အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်အထိပေးနေခြင်းဖြစ်ပြီး မဲရုံတစ်ရုံတွင် အထူးရဲတစ်ဦးနှုန်းဖြင့်တာဝန်ပေးအပ်မည်ဖြစ်ကာ မြန်မာတစ်နိုင်လုံးအတိုင်းအတာဖြင့် အထူးရဲ လေးသောင်းကျော် ခန့်ထားမည်ဖြစ်သည်။
လာမည့်အထွေထွေရွေးကောက်ပွဲတွင်မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်နှင့် နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီမှဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းသည် COVID -19 ရောဂါ အတည်ပြုလူနာနှစ်သောင်းကျော်ဖြင့် ရောဂါပိုးကူးစက်ခံနေမှု အမြင့်ဆုံးဖြစ်နေပြီး တစ်နိုင်ငံလုံးတွင် COVID -19 ရောဂါအတည်ပြုလူနာ ၃၀,၄၃၇ ဦး၊ သေဆုံးသူ ၆၉၃ ဦးနှင့်ပြန်လည်သက်သာလာသူ ၁၁,၇၆၉ ဦးရှိနေပြီဖြစ်သည်။
တောင်ကြီးခရိုင်၊ ဟိုပုံးမြို့တွင် ဖွင့်လှစ်ခဲ့သော အထူးရဲသင်တန်းတစ်ခု။
ဓါတ်ပုံ – ရဲဇာနည်
#Dailynews

