အောင်ပိုင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၇ (မော်ကွန်း)
COVID – 19 ကန့်သတ်ချက်များကိုမလိုက်နာဘဲ မဲဆွယ်အင်အားပြသူများကို အရေးယူရန် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်လိုသည်ဟု ဧရာဝတီတိုင်း COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက ပြောသည်။
မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် COVID – 19 နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်များ ဒေသန္တရအမိန့်များကို လိုက်နာရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသော်လည်း မလိုက်နာပါက မည်ကဲ့သို့ အရေးယူမည်နည်းဟု မော်ကွန်းက မေးမြန်းသည်ကို ဖြေဆိုခြင်းဖြစ်သည်။
ဧရာဝတီတိုင်း COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာ သန်းထွန်းအောင်က “ဒီကိစ္စက ဗဟိုကော်မတီမှာ အာဏာအရှိဆုံးပါ။ ဗဟိုကော်မတီက အရေးယူဖို့ခိုင်းရင် အဲဒီအတိုင်းဆောင်ရွက်ရပါတယ်။ ကျွန်တော်တို့က ကျန်းမာရေးအတွက် ညွန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်စေချင်တယ်” ဟု ပြောသည်။
မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူဦးရေ ၅၀ ထက်ပိုမစုဝေးရန်၊ နှာခေါင်းစည်း မျက်နှာအကာများကို တပ်ဆင်ထားရန် တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာနေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသည်။
ဧရာဝတီတိုင်းအပါအဝင် တခြားသော တိုင်းနှင့်ပြည်နယ်များတွင် မဲဆွယ်စည်းရုံးသူ အများစုသည် ယင်းညွှန်ကြားချက်များ ကို မလိုက်နာဘဲ လှည့်လည်နေကြသည်ကို မြင်တွေ့နေရသော်လည်း အရေးယူမှုမရှိခြင်းနှင့် ပတ်သက်၍ မမျှတဟု မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု ( ISP-Myanmar ) မှ ဦးအောင်သူငြိမ်းက ဝေဖန်သည်။
“ဗဟိုကော်မတီက အမိန့်က ထုတ်ပြန်ပြီးသားပဲ။ ရှေ့မှာ ဒေးဗစ်လားတို့လို ဘာသာရေးအခမ်းအနားလုပ်လို့ အရေးယူခံရတာရှိတယ်၊ ဘုရားပွဲလုပ်လို့ အရေးယူတာရှိတယ်။ မဲဆွယ်တာတစ်ခုကျမှ ကွက်ကျန်နေတာကတော့ မမျှတဘူးလို့မြင်တယ်” ဟု ပြောသည်။
COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ဥက္ကဋ္ဌ မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည်။
စက်တင်ဘာ ၂၄ ရက်က ပုသိမ်မြို့မှ ဧရာဝတီတိုင်းအတွင်းရှိ မြို့ပေါင်း ၁၅ မြို့ကို လှည့်လည်ခဲ့သည့် NLD မဲဆွယ်ယာဉ်တန်းတွင် လိုက်ပါခဲ့သူ အမျိုးသားတစ်ဦးတွင် အောက်တိုဘာ ၄ ရက်က COVID -၁၉ ပိုးတွေ့ရှိခဲ့သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ညအထိ COVID – 19 ပိုးတွေ့လူနာ နှစ်သောင်းကျော်ရှိသည်။
ဓါတ်ပုံ – မော်ကွန်း
စက်တင်ဘာလနှင့်အောက်တိုဘာအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပြုလုပ်ခဲ့ကြသည့် NLD နှင့် USDP တို့၏ မဲဆွယ်ပွဲများ။
#Dailynews

