စည်သူ
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၇(မော်ကွန်း)
အတည်ပြုလူနာတွေများလာတာကြောင့် ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာရှိတဲ့ လှိုင် Quarantine center အမှတ် (၁)ကို COVID-19 ကုသရေးဌာနအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်တယ်လို့ လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မော်ကွန်းကိုပြောပါတယ်။
” ဆေးရုံးမှာ တော်တော်လူတွေများလာလို့။ ဒီမှာ Positive လူနာတွေပဲထားတယ်။ အရေးတကြီးတော့ မဟုတ်ဘူးပေါ့။ ခံနိုင်ရည် ရှိသေးတယ်၊ စားနိူင် သောက်နိူင်သေးတယ်၊ အထူးကြပ်မတ်ဆောင်ကိုပို့စရာမလိုတဲ့ လူတွေကိုထားတာဖြစ်တယ်” လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
လှိုင် Quarantine Center (၁)ထဲမှာရှိတဲ့ Gအဆောင်နဲ့ H အဆောင်တို့မှာ တစ်ခန်းကို လေးယောက်နှုန်းနဲ့ အတည်ပြုလူနာ ငါးရာ လာက်ထားနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၆ ရက် စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 အတည်ပြုလူနာ ၂,၀၀၀ ကျော်ရှိပြီး လူနာ ၃၀၀ ကျော်နဲ့ ပိုးတွေ့သူ အများဆုံး ရှိနေတာက သင်္ဃန်းကျွန်းမြို့နယ်ဖြစ်ကာ လှိုင်မြို့နယ်မှတော့ ပိုးတွေ့ရှိသူ ၁၄၀ ကျော် ရှိတယ်လို့ ပြပါတယ်။ ဒီစာရင်းတွေထဲမှာ စက်တင်ဘာ ၁၆ ရက်ညနဲ့ ၁၇ နံနက်မှာ ထုတ်ပြန်ထား တဲ့ အတည်ပြုလူနာအရေအတွက်တွေ မပါသေးပါဘူး။
မြန်မာနိုင်ငံမှာ COVID -19 အတည်ပြုလူနာ ၃,၈၉၄ ဦးရှိပြီး သေဆုံးသူ ၄၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၉၀၈ ဦးရှိနေပြီဖြစ်ပါတယ်။
ပုံစာ: Hlaing Facilities Quarantine center
Photo:U Kyaw Kyaw tun Facebook
#Dailynews

