ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၂ (မော်ကွန်း)
မြန်မာကျပ်ငွေဖောင်းပွမှုနှုန်း အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့ စက်တင်ဘာလအတွက် မြန်မာ့စီးပွားရေးခန့်မှန်းချက် Asian Development Outlook အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။
နိုင်ငံရဲ့ ကျပ်ငွေဖောင်းပွမှုဟာ ၂၀၂၂ မှာ ၁၈ ရာခိုင်နှုန်းရှိနေရာက ယခုနှစ် ဧပြီလမှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့ပြီး စက်တင်ဘာလမှာ ၁၄ ရာခိုင်နှုန်းကို ပြန်လည်မြင့်တက်ခဲ့တယ်လို့ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာ မြန်မာ့ကျပ်ငွေဖောင်းပွမှုနှုန်းကို လာမယ့် ၂၀၂၄ အတွက်ပါ ထည့်သွင်းခန့်မှန်းထားပြီး ငွေဖောင်းပွမှုနှုန်းဟာ ၈ ဒသမ ၄ ရာခိုင်နှုန်းထိ ကျဆင်းသွားမယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ ပြည်တွင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ အနည်းငယ်တည်ငြိမ်လာပြီး မြန်မာကျပ်ငွေက တန်ဖိုးအနည်းငယ်မာလာတယ်လို့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။
“စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ငွေကြေးတန်ဖိုးတည်ငြိမ်နေမှ စီးပွားရေးလုပ်ရတာ အဆင်ပြေမှာ။ ငွေလဲလှယ်နှုန်းကျလိုက်တက်လိုက်ဖြစ်နေရင် လုပ်ရကိုင်ရတာ မလွယ်ဘူး။ အခုငွေလဲလှယ်နှုန်းက အခုဈေးမှာ ငြိမ်နေတာ လနဲ့ ချီနေပြီဆိုတော့ နည်းနည်းတော့ အသက်ရှူချောင်တဲ့ အနေအထားရောက်လာတယ်ပြောရမယ်” လို့ ငွေကြေးဈေးကွက် လေ့လာသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ဟာလည်း ယခုနှစ်မှာ အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းဟာ ၂၀၂၂ မှာ ၂ ရာခိုင်နှုန်းရှိရာက ၂၀၂၃ စက်တင်ဘာမှာ ၂ ဒသမ ၈ ရာခိုင်နှုန်းကို တိုးတက်ခဲ့တယ်လို့ ခန့်မှန်းထားပြီး လာမယ့်၂၀၂၄ မှာ ၃ ဒသမ ၂ ရာခိုင်နှုန်းထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။
လက်ရှိ စစ်ကောင်စီလက်ထက်မှာ ဗဟိုဘဏ်သတ်မှတ်ချက်က တစ်ဒေါ်လာကို ၂,၁၀၀ ကျပ် ဖြစ်ပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ဒေါ်လာကို ၃,၃၀၀ ကျပ် ထိ ရှိနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်ခဲ့တာကြောင့် ပြည်တွင်းမှာ အခြေခံစားသောက်ကုန်တွေရဲ့ဈေးနှုန်းတွေလည်း မြင့်တက်ခဲ့ပါတယ်။
Photo – Asia Development Bank

